သတင်းတို

တန့်ဆည်ကာကွယ်ရေးအဖွဲ့ ပစ်ခတ်မှု စစ်ကောင်စီတပ်သား ၃ဦးသေဆုံးဟုဆို

Want create site? Find Free WordPress Themes and plugins.

စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်တွင် ယမန်နေ့ (မေ ၁၀ ရက်) ညဦးပိုင်းက မြို့နယ်ကာကွယ်ရေးအဖွဲ့နှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့များ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ တပ်သား ၃ ဦးသေဆုံးပြီး ၁ဝ ဦးထက် မနည်း ဒဏ်ရာရရှိမှု ရှိကြောင်း ဒေသခံများထံမှ သိရသည်။

မေ ၁ဝ ရက်၊ နံနက်ပိုင်းက စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ကံထူးမရွာသို့ ဝင်ရောက်ကာ ပြည်သူများအား လက်နက်ဖြင့် ချိန်ရွယ် ခြိမ်းခြောက် နှိပ်စက်ခြင်း၊ နေအိမ်များအား ဖျက်ဆီးခြင်းတို့ ကျူးလွန်ခဲ့သဖြင့် တန့်ဆည်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က အပြန်လမ်းမှ စောင့်ကာ ပြောက်ကျားစနစ်ဖြင့် တိုက်ခိုက်လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ဒေသခံတဦးက “သူတို့အပြန်ကို ပြောက်ကျားတိုက်လိုက်တာပေါ့။ ပြည်သူ့ဘက်က ထိခိုက်မှု မရှိဘူး။ သူတို့ဘက်က ၃ ယောက်ကျတယ်” ဟု ပြောဆိုသည်။

ယမန်နေ့ ည ၈ နာရီဝန်းကျင်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး မြို့နယ်ကာကွယ်ရေးအဖွဲ့ဘက်မှ ထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ဝင်များသည် နီးစပ်ရာရွာနှင့် တန့်ဆည်မြို့ထဲသို့ သေနတ်များ ပစ်ဖောက်ဝင်ရောက်လာပြီး ပုဒ်မ ၅ဝ၅ တပ်ခံထားရသူများကို ရှာဖွေမှုများ ပြုလုပ်ကာ ရမ်းကားခဲ့ ကြောင်း ဒေသခံများက ဆိုသည်။

“ပြောက်ကျားဆိုတော့ ပစ်ပြီး ရှောင်သွားတဲ့ အခါ သူတို့က စိတ်တွေတိုပြီး မြင်မြင်ရာပစ်၊ မြို့ထဲထိကို သေနတ်တွေ ဖောက်ပြီး ဝင်လာတာ။ ၅ဝ၅-က ထုတ်ထားတဲ့လူတွေ အိမ်ကိုဝင်ရှာတယ်။ ကားနဲ့ အမြဲတမ်းပတ်ပြီးတော့ လျှောက်ရှာ နေတာ” ဟု ဒေသခံတဦးက ပြောသည်။

သို့သော် စစ်ကောင်စီ၏ လက်နက်ကိုင်များ ထိခိုက်သေဆုံးမှု ရှိခြင်းနှင့် ပတ်သက်၍ ဧရာဝတီမှ သီးခြားအတည်ပြု ချက် ရယူနိုင်ခြင်း မရှိပါ။

စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၃၇ မြို့နယ်မှ နည်းပေါင်းစုံဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကာ ရပ်ရွာအား အကာအကွယ်ပေးနေသူများနှင့် ချိတ်ဆက်ပြီး မေလ ၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် မြို့နယ်တခုချင်းစီအလိုက် ကာကွယ်ရေးအဖွဲ့များကိုလည်း ဖွဲ့စည်းထားခြင်း ဖြစ်သည်။

You may also like these stories:

တန့်ဆည်တွင် ပြည်သူ ၆ ဦး သေဆုံး၊ ပြန်လည်ခုခံမှုကြောင့် စစ်တပ်ဘက်ကလည်း ထိခိုက်မှုရှိ

ပင်လယ်ဘူးမြို့ ဒေသခံများ မြို့လုံးကျွတ်နီးပါး နေရပ်စွန့်ခွာ တိမ်းရှောင်

Did you find apk for android? You can find new Free Android Games and apps.
Loading