ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ နှီယာလွန် ကျေးရွာရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ ဖြိုးရေးပါတီ တဦးဖြစ်သူ U Phir Maung ၏ နေအိမ်၌ ယနေ့ နံနက် ၁ နာရီ ဝန်းကျင်ခန့် အချိန်တွင် ပေါက်ကွဲမှု တခု ဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။
ယင်းပေါက်ကွဲမှုကြောင့် U Phir Maung မှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ဆေးကုသမှု ခံယူနေရကြောင်း နှီယာလွန် ရွာသား များက ပြောသည်။
နှီယာလွန် ကျေးရွာသားတဦးက“မနက် ၁ နာရီဝန်းကျင်လောက်က ဖြစ်တာဆိုတော့ အသံတခုတော့ ရွာသားတွေ ကြား တယ်။ ဘာဖြစ်တယ်ဆိုတာ မသိဘူး။ ဒီမနက်ပဲ သူတို့(U Phir Maung) နေအိမ်မှာ ဗုံးပေါက်တယ်ဆိုတာ သိရတာ။ လူက တော့ ဒဏ်ရာရတယ်။ သိပ်တော့ မများဘူး”ဟု ပြောသည်။
ကြံ့ခိုင်ရေး ပါတီဝင် တဦး ဖြစ်သူ U Phir Maung သည် ပြီးခဲ့သော ၂၀၂၀ ရွေးကောက်ပွဲတွင် ချင်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်သည်။
လက်ရှိအချိန်တွင် ပေါက်ကွဲမှုနှင့်ပတ်သက်ပြီး နှီယာလွန်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လာရောက် စစ် ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မေလ ၂ ရက်နေ့ကစပြီး မေလ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ လက်နက်ကိုင်တပ်များဘက်မှ သေဆုံးသူ ၁၀ ဦးခန့်အထိ ရှိခဲ့သည်။
ဖမ်းဆီးထားသူများကို လွှတ်မပေးပါက စစ်ဆင်တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု ကြေညာထားသည့်အတိုင်း ချင်းဒေသ ကာကွယ်ရေးတပ်(ဟားခါး)က မေလ ၃ ရက်နေ့ကစပြီး တူမီးသေနတ်များဖြင့် စစ်ကောင်စီကို တော်လှန် တိုက်ခိုက်နေခြင်း ဖြစ်သည်။
You may also like these stories:
ရခိုင်ဝန်ကြီးချုပ်သမီးနှင့်အတူ NLD လူငယ် ၃ ဦးပါ အဖမ်းခံထားရ
ဉာဏ်ရည် မသန်စွမ်းသူများ အပါအဝင် မသန်စွမ်းသူများကိုပါ စစ်ကောင်စီက ဖမ်းဆီးထား
အကြမ်းဖက်မှု ရပ်ဖို့ အာဆီယံ ပြောသော်လည်း စစ်ကောင်စီ၏ သတ်ဖြတ်မှု တိုးလာ