ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ရှိ အမျိုးသား ၄ ဦးတွင် ကိုဗစ်ရောဂါပိုး တွေ့ရှိရသဖြင့် ဆေးကုသမှုခံယူနေရကြောင်း သတင်း ရရှိသည်။
အဆိုပါ ကိုဗစ်ရောဂါ တွေ့ရှိသူများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စက်လှေဖြင့် ကုန်စည်များ တင်ပို့ပြီး ပြန်လာခဲ့သူများဖြစ်ကာ မေလ ၁၂ ရက်နေ့က ၎င်းတို့ကို ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်စဉ် အထက်ပါအတိုင်း ပိုးတွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ရခိုင် ပြည်နယ် စီမံအုပ်ချုပ်မှု ကောင်စီဝင် ဦးသန်းထွန်းက ပြောသည်။
ဦးသန်းထွန်းက“ပိုးတွေ့တဲ့ လူတွေက ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေး ပစ္စည်းတွေ သွားပို့ပြီး ပြန်လာတဲ့ စက်လှေ ၅ စီးထဲက လူ ၄၀ ကို ကျန်းမာရေး စစ်ဆေးတဲ့အခါ လူ ၄ ဦး ပိုးတွေ့တာ။ သူတို့ အခု စစ်တွေဆေးရုံမှာ ဆေးကုသမှုတွေ လုပ်နေတယ်။ ကျန်းမာရေးလည်း ဆိုးဆိုးဝါးဝါး မရှိဘူး”ဟု ဧရာဝတီသို့ ပြောသည်။
ထိုသို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ခဲ့သည့် စက်လှေ ၅ စီးထဲတွင် စက်လှေ ၂ စီးထဲက လူ ၄ ဦး ကိုဗစ်ပိုး တွေ့ရှိရသ ဖြင့် ၎င်းပိုးတွေ့ရှိသည့် စက်လှေကို သီးသန့်ထား ရှိသလို ကျန်စက်လှေများထဲ လူများကိုလည်း ကုန်းပေါ်သို့ တက်ခွင့် မပေးသေးဘဲ စက်လှေထဲတွင် Quarantine ပြုလုပ်၍ စောင့်ကြည့်နေကြောင်း သိရသည်။
မြန်မာ – ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်မှု လုပ်ငန်းများကို ကိုဗစ် စည်းကမ်းချက်များနှင့်အညီ ကုန်သွယ်မှုများ လုပ် ဆောင်ခြင်း ဖြစ်သည့်အတွက် နှစ်နိုင်ငံကုန်သွယ်မှုကို ဆက်လက်လည်ပတ်မည်ဖြစ်ကာ ပြန်လာသည့် စက်လှေများကို လည်း ယခင်ကတည်းက ရေထဲတွင် ၁၀ ရက်တာ Quarantine ထားရှိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်တွင် ၂၀၂၀ ခုနှစ်၊ သြဂုတ်လက စစ်တွေမြို့ ရှိ ဘဏ်ဝန်ထမ်းတဦးထံတွင် ကိုဗစ်ရောဂါပိုး တွေ့ ရှိရပြီးနောက် ဒုတိယလှိုင်းအဖြစ် ကူးစက်ပျံ့နှံ့ခဲ့ရာ ရောဂါဖြစ်ပွားသူ လေးထောင်ကျော် ရှိခဲ့ပြီး ၃၀ ကျော် သေဆုံးခဲ့ရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ်၊ မေလ ၅ ရက်နေ့အထိ ကိုဗစ်ရောဂါပိုး တွေ့ရှိသူ ဓါတ်ခွဲလူနာပေါင်း ၁ သိန်း ၄ သောင်းကျော် ရှိပြီး သေဆုံးသူ ၃၂၀၀ ကျော်၊ ပြန်လည် သက်သာလာသူ ၁ သိန်း ၃ သောင်းကျော်ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
You may also like these stories:
တိုင်းရင်းသားဒေသတွင်း ကျန်းမာရေးစောင့်ရှောက်မှု အကျပ်အတည်းဖြစ်နေ
ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ
စစ်ကောင်စီ၏ ကျန်းမာရေးယန္တရားကို အယုံအကြည်မရှိဟုဆိုကာ ကိုဗစ် မစစ်ကြ