“ဝ” ပြည် သွေးစည်း ညီညွတ်ရေးပါတီ (UWSP) ၏ ဥက္ကဋ္ဌ ဦးပေါက်ယူချန်း ၏ ဇနီးဖြစ်သူ လီရိဟိန် သည် မေလ ၁၁ ရက်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သွားကြောင်း “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) ၏ ပြင်ပ ဆက်ဆံရေး တာဝန်ခံ ဦးညီရန်းက ဧရာဝတီသို့ ပြောသည်။
လီရိဟိန်သည် ‘ဝ’ အမျိုးသမီးရေးရာအဖွဲ့၏ ဒုတိယဥက္ကဌဖြစ်ပြီး အသက် ၆၉ နှစ်အရွယ်တွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။
ယူနန်ပြည်နယ်ဒေသအာဏာပိုင်များကမူ ဦးပေါက်ယူချန်း၏ ဇနီးကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ကြသလို ပန်းခြင်းများ ပေးပို့ကြောင်းသိရသည်။
လီရိဟိန်ကွယ်လွန်သွားသည့်အပေါ် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များက ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ကြသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဦးညီရန်းက ဧရာဝတီသို့အတည်မပြုပေ။
“ကျနော် မပြန်ဖြစ်တဲ့အတွက် သေချာမသိပါဘူး” ဟု ၎င်းကဆိုသည်။
ထို့အတူ အာဏာသိမ်း မြန်မာစစ်ကောင်စီဘက်က လီရိဟိန်ကွယ်လွန်သွားခြင်းနှင့်ပတ်သက်၍ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့မှုရှိမရှိနှင့်ပတ်သက်၍လည်း ရှင်းလင်းစွာ မသိရပေ။ UWSP သည် ပုံမှန်အားဖြင့် မြန်မာစစ်တပ်နှင့် ရင်းနှီးသည့် ဆက်ဆံရေးရှိသည်။
မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ ငြိမ်းချမ်းရေး ဆွေးနွေးမှုကော်မတီ၊ ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် အဖွဲ့နှင့် အမှတ် (၂) စစ်ဆင်ရေး အထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်ဇော်အေး တို့သည် ဧပြီလ ဒုတိယပတ်အတွင်း UWSP ထံသို့သွားရောက်ကာ အာဏာသိမ်းရသည့် အကြောင်းအရင်းသွားရောက်ရှင်းပြခဲ့သည်လည်းရှိသည်။