ချင်းပြည်နယ်၊ ဟားခါးမြို့တွင် မနေ့က ညနေပိုင်းနှင့် ညပိုင်းတို့တွင် ချင်း ဒေသကာကွယ်ရေးတပ်(ဟားခါး)နှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကြား တိုက်ပွဲဖြစ်ပွားရာ စစ်သား ၅ ဦး သေဆုံးကြောင်း သိရသည်။
ဟားခါးမြို့တွင် အဖမ်းခံထားရသူများကို မလွှတ်ပေးသဖြင့် မေလ ၂ ရက်နေ့မှ မေလ ၄ ရက်နေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီ လက်နက်ကိုင်တပ်များဘက်မှ သေဆုံးသူ ၉ ဦးအထိ ရှိခဲ့သည်။
“မနေ့က ကျောဘုတ်ဘက်မှာ တော်တော် ပြင်းပြင်းထန်ထန် ဖြစ်တယ်။ ဧက ၆၀၀ မြို့ကွက်ဖော်နေတဲ့ နေရာပေါ့။ ညနေ ၃ နာရီလောက်က စပစ်တာ ည ၈ နာရီအထိ ဖြစ်တာ။ CDF တွေဘက်က သွားတိုက်တာပဲ။ ချောင်းပစ်တာပေါ့။ ပြီးတော့ ဝင် တိုက်တာ။ စစ်တပ်ဘက်က ၅ ဦး ကျတယ်”ဟု ဟားခါးဒေသခံတဦးက ပြောသည်။
ယခုတကြိမ် တိုက်ပွဲပြန်ဖြစ်ရခြင်းမှာ ပြီးခဲ့သည့် ရက်ပိုင်းက စိတ်မကျန်းမာသူတဦး အဖမ်းခံရပြီးနောက် သေဆုံးသွားခဲ့ပြီး အလောင်းပင် ပြန်မပေးဘဲ ဖျောက်ပစ်လိုက်ခြင်းကို ဒေသခံများကြား မကျေမနပ်မှုများ ထပ်မံ ဖြစ်ပေါ်ခဲ့သည်။
“ကျန်တဲ့နေရာတွေမှာတော့ တိုက်ပွဲ မဖြစ်ဘူး။ ဒါပေမယ့် မြို့ဟောင်းဘက်မှာ လူငယ်တွေကို လိုက်ရှာတယ်။ စစ်တပ်က လိုက်ရှာတာပေါ့။ လူငယ်တွေက ညဘက်ကျဝင်ပစ်တယ်။ မနက်ကျ ပျောက်နေတယ်။ ဒီလိုပဲ လုပ်နေတာ”ဟု ဟားခါး ဒေသခံတဦးက ပြောသည်။
ယခင်ကလည်း ဟားခါးမြို့ အမှတ် ၆၄၅ တပ်ရင်းအနီးရှိ ကျောဘုတ်ဂိတ်၊ ဟားခါးမြို့ ၆ လမ်းဆုံနှင့် ဟားခါးမြို့ အင်းဝဘဏ် အနီး BOC ဂိတ်တို့တွင် တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားခဲ့သည်။
ဟားခါး ဒေသခံများ ဖမ်းဆီးထားသည့် ရဲသုံးဦးနှင့် ဒလန်ဟု စွပ်စွဲခံထားရသူ ဒေသခံတဦးတို့ကိုလည်း CDF က ဆက် လက် ထိန်းသိမ်းထားကြောင်း၊ ၎င်းတို့ ၄ ဦးစလုံးမှာ သေမိန့်ကျပြီး ဖြစ်သော်လည်း မည်သို့ ဆက်လုပ်မည်ကို အသေးစိတ် မသိရသေးကြောင်း ဒေသခံများထံမှ သိရသည်။
“မင်းတပ်က မြို့ သေးတော့ ခံလိုက်ရတာ။ ဟားခါးမှာတော့ မဖြစ်ဘူး။ သူတို့ ကျနော်တု့ ဆူခွားနယ်ဘက်ကို သွားတောင် မသွားရဲဘူး။ အဲဘက်တကြော CDF အမာခံတွေချည်းပဲ။ အဲဒီနေရာတွေက ဗျူဟာအရ ဒေသခံတွေဘက်က သာတယ်။ သွားလို့ကတော့ အသေလုပ်မှာ”ဟု ဒေသခံတဦးက ပြောသည်။
မေလ ၁၆ ရက်နေ့ကလည်း ဟားခါးနှင့် ဖလမ်းဒေသကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ချင်းဒေသကာကွယ်ရေးတပ်များဘက် က ပထဝီမြေပြင် အနေအထားအရ အလစ်အငိုက် တိုက်ခိုက်နိုင်သဖြင့် စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးကြောင်း၊ ဒေသ ကာကွယ်ရေးတပ်များဘက်မှ တဦး သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း ယနေ့အချိန်အထိ ဟားခါးမြို့တွင် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ ၅၀ ဝန်း ကျင်ရှိကြောင်း ခန့်မှန်းထားကြသည်။