မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ရှိ တရုတ်-မြန်မာ ဂတ်စ်ပိုက်လိုင်းနှင့် ရေနံနှင့် သဘာဝဓာတ်ငွေ့ စက်ရုံ ကို လုံခြုံရေးယူထားသည့် ရဲတပ်ဖွဲ့ဝင် ၃ ဦး သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ အမျိုးသား ၉ ဦးကို ဖမ်းဆီး စစ်ဆေးလျက် ရှိ ကြောင်း စစ်ကောင်စီပိုင် ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြသည်။
ပြီးခဲ့သည့် မေလ ၅ ရက်နေ့က စဉ့်ကိုင်မြို့နယ် တောမရွာအနီး မြန်မာ – တရုတ် သွယ်တန်းထားသည့် ဂတ်စ်ပိုက်လိုင်းနှင့် စက်ရုံတွင် လုံခြုံရေး တာဝန် ထမ်းဆောင်နေသည့် စစ်ကောင်စီ လက်နက်ကိုင်တပ်ဖွဲ့ မှ ရဲ ၅ ဦးကို အမည်မသိ အဖွဲ့ တခုမှ ဓါးဖြင့် ဝင်ခုတ်ရာ ရဲ ၃ ဦး သေဆုံးသွားခဲ့ပြီး ရဲ ၂ ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြချက်အရ မေလ ၁၅ ရက်နေ့တွင် ကိုဇင်မျိုးထွေး(ခ) ထွေလာဂျီကို Top Myanmar ပီနံအိတ်စက်ရုံမှ လည်းကောင်း၊ မေလ ၁၆ ရက်နေ့တွင် ကိုကျော်ဇင်လတ်၊ ကိုဖြိုးမောက်၊ ကိုဇော်ပိုင်မွေး၊ ကိုဂျစ်တူး၊ ကိုဆန်းထူးဝေ၊ ကိုထွန်းကို၊ ကိုကျော်စိုးဝင်း၊ ကိုမောင်ထိုက်တို့ကို ၎င်းတို့၏ နေအိမ်များတွင် ဆက်လက် ဖမ်းဆီးခဲ့သည်ဟု သိရသည်။
“အဲဒီဖြစ်စဉ်တွေ ဖြစ်ပြီးတော့ တောမရွာကိုတော့ ဘာမှ ပြဿနာ မရှာဘူး။ အွန်လိုင်းမှာ တက်သလို ရွာကို ဝင်မွေတာမျိုး မရှိဘူး။ ရဲတွေက စဉ့်ကိုင်ဘက်က မုံပင်ကံကြီးရွာဘက်ကို လိုက်ကြတာ။ အဲဒီဘက်က တချို့ အဖမ်းခံရတယ်လို့ သိရ တယ်”ဟု တောမကျေးရွာ ဒေသခံတဦးက ပြောသည်။
တိုက်ခိုက်ခံရသည့် ဂတ်စ်ပိုက်လိုင်းနှင့် ရေနံနှင့် သဘာဓာတ်ငွေ့ စက်ရုံသည် ရန်ကုန်-မန္တလေး လမ်းမကြီးဘေးတွင် တည် ရှိပြီး စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်အကျိုးစီးပွားဖြစ်သည့် ယင်းဂတ်စ်ပိုက်လိုင်းကို ဖောက်ခွဲပစ်မည်ဟု ခြိမ်းခြောက်သည့် Live ထုတ်လွှင့်ချက်တချို့ လူမှုကွန်ရက်တွင် ထွက်ပေါ်လာခဲ့သေးသည်။
“ကျောက်ဆည်အထွက် တောမကျေးရွာမှာ ဖြစ်တာ။ တောမတက္ကသိုလ်လည်း ရှိတယ်။ Live တွေ ဘာတွေ လွှင့်တယ်။ တောမရွာနားမှာရှိတဲ့ ဂတ်စ်ပိုက်လိုင်းကို ဖောက်ခွဲပစ်မယ်ဆိုတဲ့ဟာလေ။ အဲဒီတောမမှာ ဖြစ်တာ။ ရဲ ၅ ဦး စောင့်နေတာ ကို အဲဒီနေ့ မနက်က အစောကြီး ဓါးနဲ့ ဝင်ခုတ်ကြတာ ရဲ ၃ ယောက် သေတယ်”ဟု ဒေသခံတဦးက ပြောပြသည်။
ယင်းနေရာကို လုံခြုံရေးတာဝန်ကျသူ ရဲ ၆ ဦး ရှိပြီး တိုက်ခိုက်ခံရသည့်နေ့က ရဲအရာရှိဖြစ်သူမှာ အိမ်ပြန်အိပ်နေ၍ ယခု အခါ ရဲစည်းကမ်းထိန်းသိမ်းရေးအရ အရေးယူခံထားရကြောင်းလည်း သိရသည်။
ယခုလို ရဲများ တိုက်ခိုက်ခံရမှုနှင့် ပတ်သက်၍ ဆက်စပ်သူများကိုလည်း ဆက်လက် ဖမ်းဆီရမိရေး ဆောင်ရွက်နေကြောင်း စစ်ကောင်စီပိုင် သတင်းစာတွင် ဆက်လက် ဖော်ပြထားသည်။
ကျောက်ဆည်ဒေသခံတဦးကမူ“အခု အဖမ်းခံရတဲ့သူတွေက တကယ်ရော လုပ်ခဲ့တဲ့သူတွေလားဆိုတာ သံသယရှိတယ်။ အပေါ်က ဖိအားပေးလို့ တွေ့ရာ လူတွေကို အတင်းနှိပ်စက်ဝန်ခံခိုင်းပြီး လုပ်တာမျိုး ပိုဖြစ်နိုင်တယ်။ ကျနော်တို့ကတော့ မ ယုံဘူး။ ဒီကောင်တွေ ယုတ်မာတာ”ဟု ပြောသည်။
မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုလသမဂ္ဂ အစည်းအဝေးများတွင် စစ်ကောင်စီဘက်မှ ရပ်တည် ပေးခဲ့သည့် တရုတ်နိုင်ငံကို မြန်မာပြည်သူများက ဝေဖန်ခဲ့ပြီး ပြည်တွင်းရှိ တရုတ်အကျိုးစီးပွားများနှင့် ဆက်စပ်သည့် လှိုင် သာယာနှင့် ရွှေပြည်သာတို့တွင် တရုတ်စက်ရုံများ မီးရှို့ ခံခဲ့ရသေးသည်။
You may also like these stories:
ဟားခါးတွင် တကျော့ပြန်တိုက်ပွဲ ဖြစ်၊ စစ်သား ၅ ဦး ထပ်မံ သေဆုံး
မုဒုံမြို့မှ အမျိုးသမီးတဦး၏ဖုန်းကို စစ်ဆေးပြီး ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ဖမ်းဆီး
ဖမ်းဆီးခံများ၏ ကြွယ်၀သော မိဘများထံမှ စစ်ကောင်စီ ငွေညှစ်နေ