ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ၆ မိုင်ခန့်အကွာ ဘူကွန်းရွာသို့ တပ်ဆွဲရန် ရောက်ရှိလာသည့် စစ်ကောင်စီတပ်နှင့် ဒေသ ကာ ကွယ်ရေးတပ်ဖွဲ့ များကြား ရွာအောက်ဘက်ပိုင်းတွင် မနေ့က ညနေပိုင်းက တိုက်ပွဲဖြစ်ပွားရာ နှစ်ဖက်စလုံးတွင် ထိခိုက် သေဆုံးမှုတချို့ ရှိကြောင်း သိရသည်။
ယမန်နေ့(မေလ ၂၁)ရက်နေ့ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များသည် အရပ်ဝတ်များဖြင့် ပုံဖျက် ရောက်ရှိလာခြင်း ဖြစ်ပြီး ညနေ ၆ နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တိုက်ပွဲစကတည်းက စစ်ကောင်စီက လက်နက်ကြီးပစ်ပြီး တက်လာတာ။ ပြည်သူဘက်က တစ်ယောက်သေတယ်။ ဒဏ် ရာ ရတဲ့သူ ၅ ယောက်လောက် ရှိတယ်။ စစ်တပ်ဘက်ကလည်း တစ်ယောက်သေတာ သေချာ တယ်။ သူတို့ဘက်က ဒဏ် ရာရတဲ့သူ ပိုများတယ်”ဟု မင်းတပ်ဒေသခံတဦးက ပြောသည်။
တိုက်ပွဲကြောင့် ဘူကွန်းရွာမှ ဒေသခံပြည်သူများသည် ဘေးလွတ်ရာ အခြား ကျေးရွာများသို့ တိမ်းရှောင်နေရကြောင်း၊ မ နေ့က စစ်သား အင်အား ၁၀၀ ခန့်ဖြင့် လာရောက် တိုက်ခိုက်ခဲ့ရာ ညဘက်ရောက်လာသည့်အခါ မိုးသည်းလာသဖြင့် ရှေ့ဆက်တိုးမလာတော့ကြောင်း သိရသည်။
“မိုးကလည်း ရွာ၊ အရမ်းအေးတယ်။ ကျနော်တို့က မီးလှုံရင်းနဲ့ စောင့်နေတာ။ သူတို့ ဆက်တက် မလာတော့ဘူး။ ဒီမနက် တော့ စစ်ကား ၃ စီးလာတယ်လို့ ကြားပေမယ့် အခုချိန်အထိ ထပ်မတိုက်သေးဘူး။ မြို့ အရှေ့ ဘက်မှာတော့ တိုက်ပွဲ ဖြစ်နေတယ်လို့ ကြားတယ်”ဟု မင်းတပ်ဒေသခံတဦးက ပြောသည်။
မင်းတပ်မြို့ကို ဖုန်းလိုင်းများ ဖြတ်တောက်ခြင်း၊ လျှပ်စစ်မီး ဖြတ်တောက်ခြင်း၊ ရေဖြတ်ထားခြင်း၊ မြို့ထဲသို့ စားနပ်ရိက္ခာ ပြန်သယ်ယူခွင့် မရခြင်းစသည့် အခြေအနေများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပြောသည်။
မင်းတပ်မြို့ထဲတွင် လူငယ်များကို ပစ်မှတ်ထား ရှာဖွေ စစ်ဆေးနေပြီး ငယ်ရွယ်သူများကို အလွတ်မပေးကြောင်း၊ ရှာဖွေ စစ်ဆေးသည့် အဖွဲ့ များထဲတွင် အေးအေးဆေးဆေး ရှာဖွေ စစ်ဆေးသူများ ရှိသကဲ့သို့ တချို့မှာ အကြမ်းဖက် ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးသူများလည်း ရှိကြောင်း ဒေသခံများက ပြောသည်။
မင်းတပ်မြို့တွင် ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်နေ့က ဆန္ဒပြရင်း အဖမ်းခံရသူ လူငယ် ၇ ဦးကို ပြန်မလွှတ်ပေးသည့် ကိစ္စမှ အကြောင်းပြု၍ ဒေသခံများက ရဲစခန်းသို့ သွားရောက် တောင်းဆိုခဲ့ရာမှ ညှိနှိုင်းမှု မပြေလည်ဘဲ တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ သေဆုံးသူ ၂၀ ကျော် ရှိလာပြီ ဖြစ်ကြောင်း သိရသည်။