ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်၊ ဒေါတဝီကျေးရွာရှိ ဒေါတဝီဂိတ်ကို ယနေ့ ညနေ ၃ နာရီခန့်က ဒေသကာကွယ်ရေး စုဖွဲ့ ထားသည့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)က ဝင်ရောက်သိမ်းပိုက်ပြီး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
“ဒေါ့တဝီဂိတ်ကိုတော့ ပြည်သူဘက်က သိမ်းပြီး မီးရှို့ ထားလိုက်ပြီ။ ကျနော်တို့ဘက်က တယောက်ကျသွားတယ်။ ဒီညနေ ၃ နာရီလောက်မှာ ဝင်သိမ်းလိုက်တာပေါ့။ စစ်သားတွေဘက်က မကျဘူး။ သူတို့က ပစ်ရင်းနဲ့ ပြေးတာ”ဟု ဒီမော့ဆို ဒေသ ခံတဦးက ပြောသည်။
ထို့ပြင် ဒီမော့ဆိုမြို့နယ်၊ မြို့ပေါ်ရပ်ကွက်တခု ဖြစ်သည့် ဒေါငံးခါးရပ်ကွက်၊ ဒေါငံခါးတံတားအနီးတွင်လည်း တိုက်ပွဲ ဖြစ်ပွား လျက်ရှိပြီး ယနေ့တွင် လက်နက်ကြီးများဖြင့် စစ်ကောင်စီဘက်က ပစ်ခတ်လျက်ရှိကြောင်း သိရသည်။
တိုက်ပွဲ ဖြစ်ပွားနေသည့် ဒေါငံခါးရပ်ကွက်သည် ဒီးမော့ဆိုမြို့မှ တောင်ငူမြို့နယ်ဘက်သို့ သွားသည့် ပြည်ထောင်စုလမ်းမ ကြီး၏ဘေးတွင် တည်ရှိသည့် ရပ်ကွက်ကြီးတခု ဖြစ်သည်။
တိုက်ပွဲ ပြင်းထန်နေသည့် ဒေါငံခါးရပ်ကွက်နှင့် နယ်မြေဆက်စပ်နေသည့် မားနာပလော့ကျေးရွာတွင် မေ၂၀ ရက်က အရပ် သား ၄ ဦးနှင့် CDM ပြုလုပ်ထားသည့် အစိုးရဝန်ထမ်း ၄ ဦးကို စစ်ကောင်စီက ဝင်ရောက် ဖမ်းဆီးမှုများ ပြုလုပ်ခဲ့ဖူးသည်။
ဒီမော့ဆိုမြို့နယ်ရှိ ရပ်ကွက်များထဲသို့ စစ်ကောင်စီတပ်များ တပ်စွဲရန် ကြိုးစားလာသည့်အပေါ် ဒေသခံများက လက်မခံဘဲ
ယမန်နေ့ (မေလ ၂၁)ရက်နေ့မှ စတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကြား တိုက်ပွဲ စတင်ဖြစ်ပွားခဲ့သည်။
ဒီမောဆို့မြို့နယ်ရှိ ဒေသခံများမှာ လက်ရှိ နေရပ်ဒေသများမှာ ရှောင်တိမ်းနေရကြောင်း သိရသည်။
“ပြည်သူတွေက တောထဲပြေးတာ ရှိတယ်။ တချို့ကလည်း နီးစပ်ရာ ဆွေမျိုးတွေဆီ သွားရှောင်ကြတယ်။ တချို့ ကျနော်တို့ ဆီ ဆက်သွယ်လာရင် ကျနော်တို့ လုပ်ထားပေးတဲ့ နေရာတွေကို ပို့ပေးနေတယ်”ဟု PDF အဖွဲ့ဝင်တဦးက ပြောသည်။
ဒီမော့ဆိုမြို့နယ်တွင် နှစ်ရက်အတွင် ဒေသခံ ၂၀ ခန့် အဖမ်းခံခဲ့ရပြီး တချို့မှာ ပြန်လွတ်လာကြောင်း၊ တချို့ မှာ ပျောက်ဆုံး နေကြောင်း ဒေသခံများက ပြောသည်။
ကယားပြည်နယ်ရှိ ဒီမော့ဆိုမြို့နယ်သည် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး တပ်ဖွဲ့ဖြစ်သည့် ကရင်နီ အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNPP)၏ ထိန်းချုပ်ဒေသ တခုလည်း ဖြစ်သည်။
ထို့ပြင် ကယားပြည်နယ်ရှိ ဖားဆောင်းမြို့နယ်နှင့် ဘော်လခဲမြို့တို့တွင် မေ ၂၀ ရက်က KNPP ၏ တပ်စခန်းများရှိရာဘက် သို့ စစ်ကောင်စီတပ်များ ဝင်ရောက်လာသဖြင့် တိုက်ပွဲဖြစ်ပွားထားသည်။