သတင်းတို

ဒီမော့ဆို ရဲစခန်းကို PDF က ထပ်မံ ဝင်တိုက်၊ တင့်ကားတစ်စီး ဖျက်ဆီးထားဟု ဆို

ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ မြို့မရဲစခန်းကို ယနေ့ နံနက် ၄ နာရီမှ စတင်ပြီး ဒီမော့ဆို PDF က ဝင်ရောက် တိုက် ခိုက်ရာ စစ်ကောင်စီ လက်နက်ကိုင်တပ်များနှင့် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

“ရဲစခန်းကို ဒီမနက် ၄ နာရီကတည်းက စတိုက်တာ။ အခုထိ မပြီးသေးဘူး။ ပစ်နေကြတုန်းပဲ။ အထိအခိုက်က အတည်ပြု လို့ မရသေးဘူး။ တင့်ကား သုံးစီး ရှိတယ်။ ကျနော်တို့ တစ်စီးတော့ ဖြိုနိုင်ပြီ။ ဒီမော့ဆို ရဲစခန်းမှာပဲ ဖြစ်နေတာ။ ကျနော်တို့ ဝင်သိမ်းဖို့ ကြိုးစားနေတာ”ဟု ဒီမော့ဆို PDF အဖွဲ့ဝင်တဦးက ပြောသည်။

အခြားသတင်းရင်းမြစ်တခုကမူ တိုက်ပွဲအတွင်း တင့်ကားနှစ်စီးမှောက်ပြီး မီးလောင်နေပြီ ဖြစ်ကြောင်း၊ လက်လုပ်မိုင်းများ ဖြင့် PDF ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးများ မနားတမ်း ပစ်ခတ်လျက်ရှိကြောင်း၊ နှစ်ဖက်စလုံးတွင် အကျအဆုံး ရှိကြောင်း ပြောသည်။

မေလ ၂၃ ရက်နေ့ကလည်း ဒီမော့ဆိုရဲစခန်းကို PDF က ဝင်တိုက်ခိုက်ခဲ့သေးပြီး စခန်းကျခါနီးတွင် စစ်ကူရောက်လာသည့် တင့်ကား သုံးစီးနှင့် ကောင်းကင်တွင် စစ်ရဟတ်ယာဉ်တစီးပါ ပျံဝဲလာသဖြင့် ညနေပိုင်းတွင် ပြန်ဆုတ်ပေးခဲ့ရသည်။

“အခု တိုက်ပွဲပြင်းနေတဲ့ ဒီမော့ဆိုကို မိုးဗြဲ၊ ဖယ်ခုံဘက်က စစ်ကူတွေတက်လာရင် ကျနော်တို့က ကူနိုင်ဖို့ စောင့်ထားပေး အတယ်။ တပ်ဘက်က ထပ်တက်ရင် ကြားဖြတ်တိုက်ဖို့ စီစဉ်ထားတယ်”ဟု ဖယ်ခုံ PDF အဖွဲ့ဝင်တဦးက ပြောသည်။

မေလ ၂၂ ရက်နေ့ကလည်း ဒီမော့ဆိုမြို့နယ်၊ ဒေါတဝီကျေးရွာရှိ ဒေါတဝီဂိတ်ကို PDF က ဝင်ရောက်သိမ်းပိုက်ပြီး မီးရှို့ ဖျက်ဆီးနိုင်ခဲ့သည်။

ဒီမော့ဆိုမြို့နယ်တွင် တိုက်ပွဲများ ဖြစ်ပေါ်လာခြင်းမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်များက ဒေသခံ နိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ၊ CDM ပြုလုပ်နေသည့် အစိုးရဝန်ထမ်းများကို ဝင်ရောက် ဖမ်းဆီးမှုများကို မေလအတွင်း ဆက်တိုက် ပြု လုပ်လာရာမှ တင်းမာမှုများ စတင်ခဲ့သည်။

နောက်ပိုင်းတွင် ဒီမော့ဆိုမြို့နယ်ရှိ ရပ်ကွက်များထဲသို့ စစ်ကောင်စီတပ်များ တပ်စွဲရန် ကြိုးစားလာသည့်အပေါ် ဒေသခံများ က လက်မခံဘဲ မေလ ၂၁ ရက်နေ့မှ စတင်ကာ PDF နှင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကြား တိုက်ပွဲ စတင် ဖြစ်ပွား ခဲ့သည်။

ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ် မိုးဗြဲမြို့ ရှိ မြို့မရဲစခန်းကို ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ (PDF)က ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့က ဝင်ရောက် တိုက်ခိုက်ရာ စစ်သားနှင့် ရဲ စုစုပေါင်း ၂၀ ဦး သေဆုံးသွားခဲ့သည်။

စစ်ကောင်စီဘက်မှ စစ်သားနှင့် ရဲ စုစုပေါင်း ၂၀ ဦး ပွဲချင်းပြီး သေဆုံးပြီး အရပ်ဝတ် လက်နက်ကိုင် ၄ ဦးကို PDF ဘက်က အရှင်ဖမ်းမိခဲ့သည်။

You may also like these stories:

ဆွေးနွေးပွဲပျက်ပြီးနောက် မင်းတပ်မြို့ကို စစ်ကောင်စီတပ်က အမြောက်နှင့်ပစ်

ကနီမြို့ အထက်ပိုင်း ချင်းတွင်းမြစ်တွင် ရေကြောင်းတိုက်ပွဲ ဖြစ်

မြန်မာပြည်တွင် စစ်ပွဲများ ကျယ်ပြန့်လာနေသည်

Loading