ကယားပြည်နယ်၊ ဒီမော့ဆိုမြို့နယ်ရှိ ဒေါငံခါးရပ်ကွက်ထဲသို့ စစ်ကောင်စီ လက်နက်ကိုင်တပ်များ ယနေ့ နေ့လယ်ပိုင်းတွင် ဝင်ရောက်လာသဖြင့် ဒီမော့ဆို PDF အဖွဲ့ များက ခုခံတိုက်ခိုက်ရင်း တိုက်ပွဲ စတင် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
“စစ်တပ်ဘက်က အင်အား ၂၀၀ လောက်နဲ့ မြို့ပေါ် ရပ်ကွက်တွေထဲကို ဝင်လာလို့ ကျနော်တို့ ပြန်ခံပစ်နေတယ်။ ငုပလော့ ဘက်ကနေ ဒေါငံခါးဘက်ကို ဝင်ဖို့ လုပ်နေတယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ သူတို့က ဒေါငံခါးကို ပြန်စီးချင်တာ နဲ့ တူတယ်။ အခုမှ စပစ်တာ။ ၁၂ နာရီကျော်ကျော်လောက်ကပေါ့”ဟု ဒီမော့ဆို PDF အဖွဲ့ဝင်တဦးက ပြောသည်။
ဒီမော့ဆိုမြို့တွင် လူအများစုမှာ စစ်ရှောင်စခန်းများ ရှိရာသို့ တိမ်းရှောင်သွားကြပြီ ဖြစ်ပြီး ၎င်းတို့အတွက် အစားအသောက် လိုအပ်ချက် ရှိသဖြင့် မြို့ ထဲသို့ စားနပ်ရိက္ခာ ပြန်ယူသည့် အရပ်သားနှစ်ဦးမှာ စနိုက်ပါနှင့် အပစ်ခံရပြီး နေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။
“ဒီမနက်ပဲ ရွာသား နှစ်ယောက် ဆိုင်ကယ်နဲ့ ပြန်ယူတာ။ စားနပ်ရိက္ခာပေါ့။ အဲဒါ စနိုက်ပါနဲ့ ချောင်းအပစ်ခံရတာ။ နှစ် ယောက်ကျတယ်။ ဒီမနက်ပဲ အလောင်းသွားပြန်ကောက်ပြီး သဂြိုလ်လိုက်ပြီ။ စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ မလောက်လို့ ပြန်ယူကြတာ”ဟု ဒီမော့ဆိုဒေသခံတဦးက ပြောသည်။
သေဆုံးသူများမှာ မည်သူမည်ဝါ ဖြစ်ကြောင်း အသေးစိတ် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသော်လည်း ဒီမော့ဆိုတွင် စစ် ကောင်စီတပ်များ၏ လက်ချက်ဖြင့် သေဆုံးသူ ၁၀ ဦးထက် မနည်း ရှိပြီ ဖြစ်ကြောင်း သိရသည်။
ယမန်နေ့ (မေ ၂၆ ရက်) ညကလည်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်မှုကြောင့် ဒီးမော့ဆိုမြို့ပေါ်ရှိ စိန့်ဂျိုး ဇက်ကက်သလစ်ဘုရားကျောင်းတွင် ထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သေးသည်။
ဒီးမော့ဆိုမြို့နယ်တွင်း PDF တပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်များကြား တိုက်ခိုက်မှုများ၊ စစ်ရေးတင်းမာမှုများကြောင့် ကျေးရွာ ၁၅၀ ခန့်မှ အရပ်သားဦးရေ ငါးသောင်းကျော်သည် စစ်ဘေးရှောင် များအဖြစ် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
You may also like these stories:
မိုးဗြဲ ရဲစခန်းကို PDF က ဝင်တိုက်၊ စစ်ကောင်စီဘက်မှ လက်နက်ကိုင် ၂၀ ဦး သေဆုံး
ဒီမော့ဆို ရဲစခန်းကို PDF က ထပ်မံ ဝင်တိုက်၊ တင့်ကားတစ်စီး ဖျက်ဆီးထားဟု ဆို