ကလေးမြို့နယ်၊ သာစည်ကျေးရွာတွင် စစ်တပ်ကို သတင်းပေးသည့် ဒလန်ဟု စွပ်စွဲခံရသူ နှစ်ဦးသည် ၎င်းတို့၏ နေအိမ် များတွင် ဓါးဒဏ်ရာများဖြင့် သေဆုံးလျက်ရှိသည်ကို ယနေ့ နံနက်ပိုင်းတွင် တွေ့ ရှိရသည်ဟု ဒေသခံများက ပြောသည်။
သာစည်ကျေးရွာတွင် ဒလန်ဟု နာမည်ကြီးနေသူ ၃ ဦး ရှိရာ ယင်း ၃ ယောက်စလုံး မနေ့က ညပိုင်းက လုပ်ကြံခံရပြီး တဦး မှာ လွတ်မြောက်သွားကြောင်း၊ ယခုသေဆုံးသူများမှာ ကိုပွားကြီးနှင့် ကိုရဲဝင်းဆိုသူတို့ ဖြစ်ကြောင်း သိရသည်။
သာစည်ကျေးရွာကို ယမန်နေ့(မေလ ၃၁ရက်)က စစ်တပ်က ဝင်ရောက် စီးနင်းစဉ် အနည်းဆုံး လူ ၈ ဦး အဖမ်းရသည့် ဖြစ်စဉ်တွင် ယခု သေဆုံးသွားသူများထဲမှ တဦးဖြစ်သူ ကိုရဲဝင်း ဆိုသူမှာ စစ်ကောင်စီ လက်နက်ကိုင်တပ်များကို လမ်းပြ အဖြစ် လိုက်ပါခဲ့သူတဦး ဖြစ်ကြောင်း ကလေးမြို့ ခံများက အတည်ပြုသည်။
“ကိုပွားကြီးဆိုရင် သူ့အလောင်းကိုတော့ မနက် ၇ ခွဲလောက်မှာ မိသားစုက အလောင်းကောက် သွားပြီ။ ဘယ်အချိန် အ သတ်ခံရလည်းတော့ မသိဘူး။ ကိုရဲဝင်း အလောင်းကိုတော့ ဘယ်သူမှ အခုချိန်အထိ မကောက်ရဲကြသေးဘူး။ လုပ်တာ က ဒလန် ၃ ယောက်ကို လုပ်တာ။ တယောက်ကတော့ လွတ်သွားတယ်လို့ သိရတယ်”ဟု ဒေသခံတဦးက ပြောသည်။
PDF (ကလေး)၏ ထုတ်ပြန်ချက်အရ သာစည်ကျေးရွာ စီးနင်းခံရမှုတွင် ဒေသခံများ အကြမ်းဖက် ဖမ်းဆီးခံရခြင်း၊ ခြိမ်း ခြောက်ခြင်း၊ လုယူခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ဖြစ်စဉ်အတွင်း လူ ၈ ဦးခန့် ဖမ်းဆီးခံခဲ့ရပြီး ကျေးရွာပြည်သူတို့၏ ပိုက်ဆံ စုစုပေါင်း သိန်း ၅၀ ခန့် လုယက်ခံခဲ့ရကြောင်း ဆိုသည်။
သာစည်ရွာအတွင်း မနေ့က ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၂ ဦး သေဆုံးခဲ့ပြီး PDF (ကလေး) ရဲဘော်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း ဆက်လက် ဖော်ပြသည်။
ထို့ပြင် မနေ့က နေ့လယ်ပိုင်းကလည်း ကလေးမြို့ တွင် ပြည်သူဆေးရုံးရှေ့၊ CB ဘဏ်ရှေ့နှင့် စစ်တပ် ကုတင် (၁၀၀) ဆေးရုံ အနီးတို့တွင် ဗုံး ၃ လုံး ပေါက်ကွဲခဲ့သေးသည်။
ကလေးမြို့သည် မြနမာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည့် မြို့တမြို့ ဖြစ်ပြီး စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ ၃၀ ကျော်၊ အဖမ်းခံရသူ ၁၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
You may also like these stories:
ရန်ကုန်တိုင်း ပညာရေး အရာရှိ ၇ ဦးကို စစ်ကောင်စီက တာဝန်မှ ရပ်စဲ
ယူနီဖောင်းဝတ်ထားတဲ့အချိန် ရွံရှာတဲ့ အကြည့်တွေကို ကျနော်တို့ မခံနိုင်တော့ဘူး
မြန်မာဒုက္ခသည်များ ပြန်မောင်းမထုတ်ဟု ထိုင်းဝန်ကြီးချုပ် ပြော