ကလေးမြို့အနီး၊ ဒိုးနွယ်ရွာ ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတို့တွင် ယာယီ တပ်စွဲထားသည့် စစ်ကောင်စီ လက်နက် ကိုင်တပ်များကို ကလေး ပြည်သူ့ကာကွယ်ရေးတပ်(PDF)က အလစ်ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီတပ်မှ ၄ ဦး သေ ဆုံးကြောင်း သိရသည်။
ဒိုးနွယ်ကျေးရွာဘက်သို့ နယ်မြေရှင်းလင်းရေးပုံစံဖြင့် ခြေလျင်ဝင်ရောက်သည့် စစ်ကောင်စီတပ်များကို နံနက် ၁၀ နာရီခန့် တွင် ဒိုးနွယ်ကျေးရွာ သင်္ချိုင်းဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ကလေး(PDF) အဖွဲ့ဝင်တဦးက ပြောသည်။
“PDF က ဘေးက ဒိုးနွယ်သင်္ချိုင်းဘက်ကနေ ဝင်တိုက်တယ်။ အဲဒီမှာ ဟိုဘက်က လက်နက်ကြီး ၅ ချက်လောက် ပြန် ပစ်တယ်။ တိုက်ပွဲက အရမ်းအကြာကြီး ဖြစ်တာတော့ မဟုတ်ဘူး။ သူတို့ဘက်က အငိုက်မိတော့ ၄ ယောက်ကျတယ်။ ကျနော်တို့ဘက်က တယောက်ထိတယ်။ ဒဏ်ရာရတာပေါ့”ဟု ယင်းအဖွဲ့ဝင်က ပြောသည်။
ထိတွေ့ တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ ဒိုးနွယ်ကျေးရွာ အရှေ့ပိုင်း အတွင်းသို့ လက်နက်ကြီး ၅ လုံး ကျရောက်ခဲ့ပြီး နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ဒေသခံ ပြည်သူများကို ထိခိုက်မှု မရှိကြောင်း သိရသည်။
ထို့ပြင် မနေ့က ယင်းတိုက်ပွဲ ဖြစ်ပွားခဲ့သည့် ကလေးမြို့ တောင်ဘက်ပိုင်းသို့ စားနပ်ရိက္ခာ သွားပို့သည် လူငယ်နှစ်ဦးမှာ အပြန် မြောက်စီးရွာနားလေးတွင် အဖမ်းခံခဲ့ရပြီး ယနေ့ မနက်ပိုင်းတွင် ကလေးမြို့ ရှိ ဒေသကွပ်ကဲမှု စစ်ဌာနချုပ်သို့ ပို့ဆောင်လိုက်ပြီ ဖြစ်သည်။
မနေ့က ညပိုင်းက ကလေးမြို့ အောင်မေတ္တာရပ်ကွက်တွင် ဒလန်ဟု နာမည်ထွက်နေသူ ကြံ့ခိုင်ရေးပါတီဝင်ဟောင်း၊ အုပ် ချုပ်ရေးမှူး ဟောင်း ဦးပြူးအောင်နှင့် ၎င်း၏ ကားသမားဖြစ်သူတို့ သေဆုံးခဲ့သည်။
မနေ့က ည ၁၀ နာရီခန့်တွင် သေနတ်သံနှင့် ဗုံးပေါက်ကွဲသံတချို့ ကြားရပြီးနောက် မနက်ပိုင်းတွင် အသတ်ခံရသည်ဟု သိရကြောင်း၊ အလောင်းများကို စစ်ကောင်စီတပ်များက ချက်ချင်းလာရောက် ယူဆောင်သွားရောက် ကလေးမြို့ ခံများက ပြောသည်။
“ညက ဒလန်တွေ ဝင်ရှင်းတယ်။ အရင်က ကြံ့ခိုင်ရေး၊ ရွာဥက္ကဌဟောင်းပေါ့။ သူကလည်း ရှောင်နေတာ။ ပြန်လာတာကို သတင်းရလို့ ဝင်စီးလိုက်တာ။ နောက်ကနေပဲ ပစ်လိုက်တယ်။ တချက်တည်းပဲ။ သူရဲ့ စာရင်းငှား အကူတယောက်လည်း ထိတယ်။ နှစ်ယောက်လုံး ရှင်းခဲ့တယ်။ နောက်တဦးကို သွားလှုပ်ရှားသေးတယ်။ မအောင်မြင်ဘူး”ဟု ကလေး PDF အဖွဲ့ ဝင် တဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၁ ရက်နေ့ကလည်း ကလေးမြို့နယ်၊ သာစည်ကျေးရွာတွင် စစ်တပ်ကို သတင်းပေးသည့် ဒလန်ဟု စွပ်စွဲခံ ရသူ နှစ်ဦးသည် ၎င်းတို့၏ နေအိမ်များတွင် ဓါးဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။
ကလေးမြို့သည် မြနမာနိုင်ငံတွင် လက်နက်ကိုင်တော်လှန်ရေး စတင်ခဲ့သည့် မြို့တမြို့ ဖြစ်ပြီး စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ ၃၀ ကျော်၊ အဖမ်းခံရသူ ၁၀၀ ကျော် ရှိနေပြီ ဖြစ်ကြောင်းလည်း သိရသည်။
ယခုအခါ ကိုဗစ်ရောဂါပိုး တကျော့ပြန် ဖြစ်ပွားမှုများ ပြန်လည် မြင့်တက်လာသဖြင့် ကလေးမြို့ကို Stay at Home မြို့နယ် တခုအဖြစ် ကြေညာထားသည်။
You may also like these stories:
တော်လှန်ရေးထဲ ပါဝင်လာသူတွေကို လေးစားကြိုဆိုတဲ့ ထားထက်ထက်
ဒီးမော့ဆိုမှာ PDF နှင့် စစ်ကောင်စီကြား စစ်ရေး တင်းမာ
စစ်တပ်က အာဏာသိမ်းပြီးနောက် ပြည်သူသောင်းချီ စစ်ဘေးရှောင်နေရ