ကချင်ပြည်နယ်၊ ပူတာအိုမြို့နယ်တွင် စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း ခလရ ၁၃၈ သည် လမ်းခရီးတွင် ကချင် လွတ်လပ် ရေး တပ်မတော် (KIA)၏ တိုက်ခိုက်ခံရမည်ကို စိုးရိမ်သဖြင့် ဆွမ်ပီယန် ကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် အရပ်သား ၁၇ ဦး တို့ကို ပေါ်တာအဖြစ် အကာအကွယ်ယူကာ ယနေ့ ခရီးသွားလာခဲ့သည်ဟု သတင်းရရှိသည်။
ပူတာအိုမြို့နယ်အတွင်းရှိ ပူတာအိုမြို့နှင့် ဆွမ်ပီယန်ကျေးရွာကြား လမ်းခရီးသည် ၄၈ မိုင် အကွာအဝေး ရှိပြီး စစ်ကောင်စီ တပ်များနှင့် KIA ကြား ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားထားသည့် နယ်မြေ တခုလည်း ဖြစ်သည်။
ပူတာအို ဒေသခံ ဦးဘွမ်ရှဂေါင့်က“လမ်းခုလတ်မှာ တိုက်ခိုက်ခံရမှာစိုးလို့ ကြောက်လို့ လူသားဒိုင်းပုံစံလုပ်တာ။ ပြီးတော့ ကားကလည်း အရပ်သားကုန်ကားကို ချောဆွဲလာတာ၊ သူတို့တပ်ကို ပြန်ဖို့အတွက်။ အဲဒီကားပေါ်မှာလည်း စစ်သားတွေ ချည်း တဖွဲ့တည်း မစီးရဲလို့ အုပ်ချုပ်ရေးမှူးတွေကို လူသားဒိုင်းလို ခေါ်သွားတာ”ဟု ပြောသည်။
ယင်းအရပ်ဘက် ကားပေါ်တွင် စစ်ကောင်စီ လက်နက်ကိုင် အင်အား ၃၀ ခန့် ပါဝင်ပြီး ဆွမ်ပီယန်ကျေးရွာမှ အုပ်ချုပ်ရေးမှူး များနှင့် အရပ်သား စုစုပေါင်း ၁၇ ဦးကို ယနေ့မနက် ၇ နာရီ ဝန်းကျင်က ဆွေးနွေးရန်၊ မေးမြန်းရန် ရှိသည်ဟု ပြောဆိုကာ လာရောက် ခေါ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
၎င်းတို့၏ အခြေစိုက်စခန်း ဖြစ်သည့် ခလရ ၁၃၈ ဝန်း အရှေ့သို့ အရောက်တွင် အရပ်သားအားလုံးကို ပြန်လွှတ်ပေးလိုက် သည်ဟု သိရသည်။
ကျေးရွာသို့ လာရောက်ခေါ်ဆောင်စဉ်က စစ်ဆေးမေးမြန်းရန်နှင့် အစည်းအဝေး ပြုလုပ်ရန် ရှိသည်ဟု ဆိုကာ ခေါ်ဆောင် ခဲ့သော်လည်း ပူတာအိုမြို့သို့ အရောက်တွင် တစုံတရာ မေးမြန်းပြောဆိုခြင်း မရှိဘဲ ပြန်လွှတ်လိုက်သဖြင့့် အရပ်သားများကို အကာအကွယ်ယူခြင်း ဖြစ်ကြောင်း ဒေသခံများက သုံးသပ်သည်။
စစ်ကောင်စီတပ်များသည် ပူတာအိုမြို့နယ်တွင်း ခရီးသွားလာရာတွင်လည်း စစ်ဘက်သုံးကားများကို အသုံးပြုခြင်း မရှိဘဲ အရပ်သားကားများကိုသာ အသုံးပြုပြီး သွားလာလျက်ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကချင်ပြည်နယ်တွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များနှင့် KIA တို့ကြား တိုက်ပွဲ များ ပိုမို ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိရာ စစ်ကောင်စီဘက်မှ အကျအဆုံး ထိခိုက်မှုများလည်း များပြားလျက် ရှိသည်။
You may also like these stories:
ပြည်သူကို မထိခိုက်အောင် လှုပ်ရှားမည်ဟု စစ်ကိုင်းတိုင်း PDF ပြော
စစ်တပ်နှင့်ပတ်သက်သည့် နိုင်ငံစုံကုမ္ပဏီများ ရှေ့ရေးခက်ခဲ