ဇွန်လ ၅ ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာဖြစ်စဉ်အတွင်း စစ်ကောင်စီ လက်နက်ကိုင်တပ် များ၏ ပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦး ကျည်ဆန်ထိမှန်၍ သေဆုံးခဲ့၍ ကျုံပျော်မြို့နယ်ဆေးရုံတွင် အလောင်း ၄ လောင်း ရောက်ရှိလျက်ရှိကြောင်း သိရသည်။
လှေဆွဲရွာတွင် နေထိုင်သူ ဦးကျေးဆိုသူနှင့် လူငယ်တဦးကို စစ်ကောင်စီ လက်နက်ကိုင်တပ်များက လာရောက် ဖမ်းဆီးစဉ် ဒေသခံများက လက်မခံဘဲ ပြန်လည် ခုခံချိန်တွင် သေဆုံးသူ လှေဆွဲရွာခံ ၃ ဦးနှင့် ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် လှေဆွဲ ရွာအနီးရှိ ရွာသစ်ကျေးရွာတွင် ဆိုင်ကယ်ရပ်မပေးသဖြင့် လူငယ်တဦး ပစ်သတ်ခံခဲ့ရသည်။
“၄ ယောက်ကတော့ အတည်ပြုနိုင်တယ်။ အလောင်း ၄ လောင်း ကျုံပျော်ဆေးရုံမှာ ရှိတယ်။ ကျနော်တို့ Ambulance တောင် မထွက်ရဘူး။ ဒဏ်ရာရလို့ လာတင်ပါဆိုပြီး ဖုန်းဆက်လာတဲ့လူကို အခုထိ မရှိသေးတာ”ကျုံပျော်မြို့ နာရေး ကူညီမှု အသင်းမှ အသင်းသားတဦးက ပြောသည်။
ထို့ပြင် ဒေသခံများက ဦးကျေးဆုံးပြီဟု ကြားသိရကြောင်း ပြောဆိုသော်လည်း အလောင်းမတွေ့သဖြင့် အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း၊ ဒေသခံတချို့ကမူ ဦးကျေးဆိုသူမှာ မနေ့က ကတည်းက ကျုံပျော်မြို့ပေါ်တွင် စစ်ကြောရေး ပြုလုပ်ရင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ပြောဆိုသည်။
လက်ရှိတွင် လှေဆွဲကျေးရွာ၌ စစ်တပ်က တပ်ဆွဲထားပြီး လှေဆွဲကျေးရွာ ပါဝင်သည့် ဇရစ်ရိုးကျေးရွာ အုပ်စုတခုလုံးကို နယ်မြေ ရှင်းလင်းရေး ပြုလုပ်မည်ဟု သတင်းများ ထွက်ပေါ်နေသဖြင့် ဒေသခံများ စိုးရိမ်နေကြသည်။
လှေဆွဲကျေးရွာအနီးတွင် နေထိုင်သူတဦးက ဓလှေဆွဲရွာမှာ တပ်ဆွဲထားတယ်။ နယ်မြေ ရှင်းလင်းရေး လုပ်မယ်ဆိုတဲ့ သ တင်းတွေ ထွက်နေတယ်။ သေဆုံးတဲ့သူက ၄ ယောက် ရှိတယ်။ လိုင်းပေါ်မှာ ပြောနေတဲ့ လူတွေ အများကြီး သေတဲ့ ကိစ္စတွေကတော့ ကွန်ဖန်း မလုပ်နိုင်ဘူး”ဟု ပြောသည်။
၎င်းက ဆက်၍“ကျုံပျော်မြို့ပေါ်မှာက ဗမာတွေ များတယ်။ တောမှာက ကရင်တွေ များတယ်။ အခုလို ဖြစ်တော့ မြို့ပေါ်က ဗမာတွေလည်း လာကူကြတယ်။ သူတို့ မနေဘူး။ ဝိုင်းကူကြတယ်။ ဒါပေမယ့် လက်နက်မရှိတော့ ခံလိုက်ရတယ်။ PDF လိုမျိုး ဖွဲ့ မထားနိုင်တဲ့အတွက် ဘာကြိုတင် ပြင်ဆင်မှုမှ မရှိတော့ အခုလို ဖြစ်ရတာ”ဟု ပြောသည်။
လှေဆွဲကျေးရွာ ဖြစ်စဉ်သည် ဒလန်ဆရာမ နှစ်ဦးကြောင့် ဖြစ်ပွားခဲ့သည်မှာ မှန်သော်လည်း ဒလန်ဆရာမ အသတ်ခံရ သည်ဆိုသည်မှာလည်း မဟုတ်မှန်ကြောင်း၊ မြေပြင်တွင် အတည်ပြုပေးနိုင်သူ မရှိကြောင်း၊ လှေဆွဲရွာကို စစ်ကောင်စီ တပ်များ ဝင်ရောက်လာစဉ် ရွာခံ ဒလန်များက အိမ်များကို လိုက်ပြပေးခဲ့ကြောင်း ဒေသခံများက ပြောသည်။
“ဒလန်ဆရာမက တယောက်တည်းတောင် မဟုတ်ဘူး။ နှစ်ယောက်။ စစ်သားတွေ ရွာကို ဝင်စီးတော့လည်း အဲဒီဆရာမနဲ့ ဆက်စပ်နေတဲ့သူတွေကပဲ တချို့ အိမ်တွေကို လိုက်ပြတာ။ ဒါပေမယ့် ရွာက တက်ကြွတဲ့သူတချို့က ကြိုရှောင်သွားကြပြီ။ အခု အဖမ်းခံရတာက ဘာမှ မဆိုင်တဲ့သူတွေ”ဟု လှေဆွဲကျေးရွာသားတဦးက ပြောသည်။
မနေ့က စစ်ကောင်စီ လက်နက်ကိုင်တပ်များသည် လှေဆွဲရွာမှ ဦးကျေးဆိုသူကို ၎င်းတင်ပို့ လိုက်သည့် ငှက်ပျော ကားတ စီးတွင် လက်နက်ပါလာသည်ဆိုသော အကြောင်းပြချက်ဖြင့် လာရောက် ဖမ်းဆီးခဲ့ရာ ဒေသခံများက ရရာလက်နက်ဖြင့် ခု ခံသဖြင့် ယခုလို လှေဆွဲကျေးရွာ ဖြစ်စဉ် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ယင်းခုခံမှု ဖြစ်စဉ်အတွင်း လှေဆွဲကျေးရွာခံ သားအဖ နှစ်ဦးနှင့် အခြားလူငယ်တဦးတို့ သေဆုံးခဲ့ရသည်။
စစ်ကောင်စီ၏ ထုတ်ပြန်ချက်တွင် အလောင်း ၃ လောင်းနှင့်အတူ ဒေသခံ ၂ ဦးကို ဖမ်းမိကြောင်း၊ ဂတ်(စ်)သေနတ် ၆ လက် ပါဝင်ကြောင်း ဆိုသည်။
စစ်တပ်က အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများသည် ပုံစံမျိုးစုံဖြင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကို မြန်မာ နိုင်ငံ၏ နေရာအနှံ့အပြားတွင် ခုခံ တိုက်ခိုက်လျက်ရှိရာ ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်သည် ပထမဆုံးအကြိမ်အဖြစ် ရရာ လက်နက်ဖြင့် ခုခံတော်လှန်သည့်နေရာတွင် ပါဝင်လာခြင်းလည်း ဖြစ်သည်။
You may also like these stories:
မိုးဗြဲ ရဲစခန်းကို PDF က ဝင်တိုက်၊ စစ်ကောင်စီဘက်မှ လက်နက်ကိုင် ၂၀ ဦး သေဆုံး
ပြည်တွင်းစစ်နှင့် ပြောက်ကျားစစ်ဆင်ရေး
ကနီ – မင်းကင်း လမ်းပေါ်တွင် တိုက်ပွဲ ဖြစ်၊ စစ်ကားများ မိုင်းဆွဲခံရ