ရန်ကုန်မြို့ အင်းစိန်ထောင်ထဲရှိ အထူး တရားရုံးတခုတွင် ပြုလုပ်သည့် ယနေ့ ရုံးချိန်တွင် ကမာရွတ် မီဒီယာ အယ်ဒီတာချုပ် အမေရိကန် နိုင်ငံသား ကိုနေသန်မောင်ကို စစ်ကောင်စီက အမှုရုတ်သိမ်းပေးလိုက်သဖြင့် ပြန်လည်လွတ်မြောက်လာပြီ ဖြစ်ကြောင်း သိရသည်။
ကမာရွတ် မီဒီယာမှ အယ်ဒီတာချုပ် ကိုနေသန်မောင်နှင့် ပူးတွဲတည်ထောင်သူ ကိုဟံသာငြိမ်းတို့ကို ဆူပူအောင် လှုံဆော်မှု ပုဒ်မ ၅၀၅-က ဖြင့် ယနေ့ အင်းစိန်ထောင် အထူးတရားရုံးတွင် ရုံးထုတ်စစ်ဆေးစဉ် တရားလို ရဲမှူး မျိုးဦးက အမှုကို ရုတ် သိမ်းကြောင်း တင်ပြခဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့၏ ရှေ့နေ ဒေါ်တင်ဇာဦးက ပြောသည်။
“တရားသူကြီးကလည်း ကိုနေသန်မောင်ကို စွဲချက် မတင်မီမှာ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ အရ အပြီးပြတ် လွှတ် ပေးလိုက်ပါတယ်။ ကိုနေသန်မောင်ကိုပဲ လွှတ်လိုက်တာ။ သူက အမေရိကန် နိုင်ငံသားပါ။ ကိုဟန်သာကတော့ မလွတ် သေးပါဘူး။ ကျန်ခဲ့ပါတယ်”ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က ရန်ကုန်မြို့ ကမာရွတ်မြို့နယ်ရှိ ကမာရွက်မီဒီယာရုံးခန်းကို စစ်ကောင်စီက ဝင်ရောက် စီးနင်း ရှာဖွေခဲ့ပြီး ယင်းနေရာတွင် အလုပ်လုပ်နေသူ ကိုနေသန်မောင်နှင့် ကိုဟံသာငြိမ်းတို့ နှစ်ဦးမှာ အဖမ်းခံခဲ့ရသည်။
ကိုနေသန်မောင်ကို ၎င်းနေထိုင်ခဲ့သည့် အမေရိကန် ပြည်ထောင်စုသို့ ပြန်ပို့ရန် ရှိကြောင်းလည်း သိရသည်။
အမေရိကန် နိုင်ငံသားဖြစ်သူ ကိုနေသန်မောင် ပြန်လည် လွတ်မြောက်လာသော်လည်း ရန်ကုန်မြို့ အင်းစိန်ထောင်ထဲတွင်
Myanmar Now သတင်းဌာနမှ မကေဇွန်နွေး၊ One News သတင်းထောက်ဟောင်း ကိုဝိုင်းမော်၊ ဧရာဝတီ အယ်ဒီတာ ဟောင်း မတူးတူးသာ၊ 7 Days သတင်းစာမှ ကိုအောင်ရဲကို၊ ဓာတ်ပုံ သတင်းထောက် ကိုရဲမျိုးဟိန်း၊ ဇီးကွက် မီဒီယာမှ ကိုဟိန်းပြည့်ဇော်တို့ ကျန်ရှိနေသေးသည်။
၎င်းတို့သည် နိုင်ငံတော် အကြည်ညို ပျက်စေမှု၊ အများပြည်သူကို လှုံဆော်မှု စသည်တို့နှင့် စွပ်စွဲခံရထားရပြီး ပုဒ်မ ၅၀၅ – က ဖြင့် အမှုဖွင့် အရေးယူခံထားရသည်။
တနိုင်ငံလုံးတွင် သတင်းထောက် ၉၀ နီးပါး အကြောင်းအမျိုးမျိုးဖြင့် ဖမ်းဆီးခံခဲ့ရပြီး AP သတင်းဌာနမှ ဓာတ်ပုံ သတင်း ထောက် ကိုသိန်းဇော်၊ ဂျပန်သတင်းထောက် Yuki Kitazumi ၊ BBC သတင်းထောက် ကိုအောင်သူရ၊ အလွတ်တန်း သ တင်းထောက် ကိုအောင်ကိုကိုလတ်တို့ အပါအဝင် ပြန်လည်လွတ်မြောက်လာသူ ၃၀ နီးပါး ရှိပြီ ဖြစ်သည်။
You may also like these stories:
ICRC ဥက္ကဋ္ဌ အကျဉ်းထောင်များသို့ သွားရောက်ခွင့် ပြုဖို့ တောင်းဆို
NLD အမတ်တချို့ကို ပေါက်ကွဲ၊ ပစ်ခတ်မှုများဖြင့် တံဆိပ်ကပ်ဖမ်းဆီးရန် စစ်ကောင်စီကြိုးပမ်း