အရပ်သား ၄ ဦးအထိ သေဆုံးခဲ့ရသည့် ဇွန်လဆန်းပိုင်းက ဖြစ်ပွားခဲ့သော ကျုံပျော်မြို့နယ် လှေဆွဲကျေးရွာ ဖြစ်စဉ်များ ပြီးနောက် ယမန်နေ့ (ဇွန်လ ၁၆) ရက်နေ့က လှေဆွဲကျေးရွာရှိ လူငယ်တဦးကို စစ်ကောင်စီ လက်နက်ကိုင်တပ်များက လာရောက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
မနေ့က ကျုံပျော်မြို့ မှ စစ်ကောင်စီတပ်များသည် လှေဆွဲကျေးရွာသို့ ညောင်ပင်ဆိပ် ကြိုးတံတားဘက်မှ တဖွဲ့ ၊ တောက် တက်ရိုးလမ်းမကြီးဘက်မှ တဖွဲ့ စုစုပေါင်း နှစ်ဖွဲ့ လာရောက်ခဲ့ပြီး တောက်တက်ရိုးဘက်မှ လာသည့် အဖွဲ့ မှာ ကမ်းနား ညောင်ပင်ရွာရှိ စာသင်ကျောင်းတွင် ဝင်ရောက် တပ်စွဲသဖြင့် ဒေသခံများက ထမင်းချိုင့် ပို့ပေးခဲ့ရသည်။
“လှေဆွဲရွာက ဦးခေါင်းကြီးရဲ့ သားတယောက်ကို မနေ့က ညနေပိုင်းမှာ ဝင်ဖမ်းတယ်။ သားက ၃ ယောက် ရှိတယ်။ ဖမ်းခိုင်း တာက အကြီးကောင်။ ဖမ်းသွားတာက အငယ်ကောင် ဖြစ်နေလို့ လူမှားပြီး ဖမ်းတယ်ဆိုပြီး ရွာထဲမှာ ပြောနေကြတယ်။ ဒ လန်က သတင်းပေးတာ အကြီးကောင်ကို ဖမ်းဖို့ ပြောတာလို့ သိရတယ်”ဟု ဒေသခံ ရွာသားတဦးက ပြောသည်။
လှေဆွဲရွာထဲတွင် ဒလန်(စစ်တပ်ကို သတင်းပေးသူ) များသဖြင့် မည်သည့်ကိစ္စဖြင့် လာရောက် ဖမ်းဆီးသည် ဆိုသည်ကို မမေးရဲကြကြောင်း၊ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က အဖမ်းခံရသည့် လှေဆွဲကျေးရွာ အုပ်ချုပ်ရေးမှူးမှာလည်း အခြေအနေ မကောင်းဟု ကြားသိရကြောင်း ဒေသခံများက ပြောသည်။
“သူ(ကျေးရွာ အုပ်ချုပ်ရေးမှူး)ကလည်း ရွာကို စစ်တပ်တွေ ဝင်စီးတဲ့နေ့က ကြောက်ကြောက်လန့်လန့်နဲ့ သူလည်း ထွက် ပြေးခဲ့တယ်။ ပြေးပြီးတော့ ပြန်လာတယ်။ ပြန်လာတော့ မြို့ပေါ်က ထွေ/အုပ်က လှမ်းခေါ်တယ်။ ဆွေးနွေးစရာ ရှိလို့ ဆို တော့ သူတက်သွားတဲ့အခါ စစ်တပ်ထဲက ခေါ်တာဆိုပြီး တခါတည်း ဖမ်းထားလိုက်တာ”ဟု လှေဆွဲရွာခံတဦးက ပြော သည်။
ထို့ပြင် လှေဆွဲရွာ ဖြစ်စဉ်များအပြီး ကျုံပျော် PDF ဖွဲ့စည်းသည်ဟု ထုတ်ပြန်ကြေညာချက်တခု ထွက်ပေါ်လာသော်လည်း ဒေသတွင်း၌ မည်သည့် လှုပ်ရှားမှုမှ မရှိသေးကြောင်း၊ ကျေးရွာများသို့ လာရောက် ချိတ်ဆက် လှုပ်ရှားမှုမျိုးလည်း မတွေ့ ရကြောင်း ဒေသခံများက ပြောသည်။
သို့သော် လှေဆွဲရွာ ဖြစ်စဉ်အပြီးတွင် စစ်ကောင်စီ လက်နက်ကိုင်တပ်များက ကျုံပျော် မြို့နယ်အတွင်း လှေဆွဲ ကျေးရွာ အနီးပတ်ဝန်းကျင်ရွာများကို တရွာဝင်၊ တရွာထွက် ရောက်ရှိလာပြီး စုဆောင်းထားသည့် လက်နက်များ လာအပ်ရန်၊ လာအပ်သူများကို အရေးယူမည် မဟုတ်ကြောင်း အစည်းအဝေးများ ခေါ်ယူ၍ ပြောဆိုခဲ့ကြောင်း သိရသည်။
“တရွာချင်း အစည်းအဝေးတွေ လိုက်လုပ်တယ်။ ကြည့်အိုင်အုပ်စု၊ ကုက္ကိုလ်တောမှာ လုပ်တယ်။ လက်နက်တွေ အပ်ဖို့ ပြောတယ်။ တချို့လည်း လေးဂွတို့ ပေါက်တူးတို့ သွားအပ်ကြတယ်။ သူတို့ လိုချင်တာ အဲဒါမျိုး မဟုတ်ဘူးတဲ့။ သေနတ်တို့ ဘာတို့ လိုချင်တာလို့ ပြောတယ်။ ကျနော်တို့မှာလည်း အဲဒီလက်နက်တွေက ရှိမှ မရှိတာ”ဟု ဒေသခံတဦးက ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၅ ရက်နေ့က ဒလန်တချို့၏ သတင်းပေးမှုကြောင့် လှေဆွဲရွာသား ဦးကျေးဆိုသူအား စစ်ကောင်စီ လက် နက်ကိုင်တပ်များက လာရောက် ဖမ်းဆီးခဲ့ရာ ဒေသခံများက ရရာလက်နက်ဖြင့် ခုခံသဖြင့် လှေဆွဲကျေးရွာ အနီးတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး အရပ်သား ၃ ဦး သေဆုံးခဲ့ရသည်။
ယင်းဖြစ်စဉ် ဖြစ်ပွားပြီးနောက် ညနေပိုင်းတွင် လှေဆွဲ ရွာအနီးရှိ ရွာသစ်ကျေးရွာတွင် ဆိုင်ကယ်ရပ်မပေးသဖြင့် လူငယ် တဦး ပစ်သတ်ခံခဲ့ရသည်။
ထို့နောက် အဖမ်းခံရသည့် ဦးကျေးဆိုသူလည်း စစ်ကြောရေးတွင် သေဆုံးသွားပြီ ဖြစ်ကြောင်း သတင်းများ ကျယ်ကျယ် ပြန့်ပြန့် ထွက်ပေါ်ခဲ့သော်လည်း သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။
စစ်တပ်က အာဏာသိမ်းမှုကို လက်မခံသည့် ပြည်သူများသည် ပုံစံမျိုးစုံဖြင့် စစ်ကောင်စီ လက်နက်ကိုင်တပ်များကို မြန်မာ နိုင်ငံ၏ နေရာအနှံ့အပြားတွင် ခုခံ တိုက်ခိုက်လျက်ရှိရာ ဧရာဝတီတိုင်းထဲတွင် ကျုံပျော်မြို့နယ်သည် ပထမဆုံးအကြိမ်အဖြစ် ရရာ လက်နက်ဖြင့် ခုခံတော်လှန်သည့်နေရာတွင် ပါဝင်လာခြင်းလည်း ဖြစ်သည်။
You may also like these stories:
စစ်ရှောင်များအတွက် ရိက္ခာနှင့် ဆေးဝါးများကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး
စပ်တပ်၏ သတ်ဖြတ်မှုကြောင့် ရက် ၁၀၀ ကျော်အတွင်း လူပေါင်း ၉၀၀ နီးပါး သေဆုံး