နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲထားသော ရာဇသတ်ကြီး ပုဒ်မ ၅၀၅(ခ) အမှုမှ တရား လိုက တင်သည့် အဓိက သက်သေခံစာရွက် ၂ ရွက်အား ၎င်း၏ ရှေ့နေအဖွဲ့က ကန့်ကွက်မှုမှာ ရှုံးနိမ့်ခဲ့ပြီး သက်သေခံအဖြစ် လက်ခံရန် တရာရုံးက ယနေ့ဆုံးဖြတ်လိုက်သည်။
တရားလိုတင်သည့် သက်သေခံစာရွက် ၂ ရွက်မှာ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်နှင့် ဒေါက်တာမျိုးအောင် တို့အား ဖမ်းဆီးပြီး ပြင်ပနှင့် အဆက်အသွယ် ဖြတ်ထားချိန် ဖေဖော်ဝါရီ ၇ ရက်နှင့် ၁၃ ရက်နေ့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဟုဆိုကာ ထွက်ပေါ်ခဲ့သည့် ကြေညာချက်နှစ်စောင်ဖြစ်ပြီး၊ ယင်းစာနှစ်စောင်မှာ ဒေါ်အောင်ဆန်းစုကြည်တို့အား တရားစွဲဆိုခံရသည့် အဓိက အကြောင်းအရင်းလည်း ဖြစ်သည်။
ရှေ့နေတဦးက “အမှုအတွက် ဒီစာရွက် ၂ ရွက်က အဓိကကျတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့က သူတို့ ဖမ်းဆီးခံရတာ။ အဲဒီ နေ့ထဲက ကမာ္ဘကြီးနဲ့ အဆက်အသွယ် ပြတ်သွားတယ်လို့တောင် ဦးဝင်းမြင့်က ပြောထားတာ။ သူတို့က ဘယ်လို ဒီစာတွေ ထုတ်မလဲ” ဟု ပြောသည်။
အဆိုပါ စာများတွင် သမ္မတဦးဝင်းမြင့်သည် တရားဝင်အစိုးရဖြစ်ပြီး စစ်ကောင်စီမှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အပါ အဝင် ဥပဒေ အမျိုးမျိုးအား ချိုးဖောက်ကာ တပ်မတော် စစ်ခေါင်းဆောင်တစု နိုင်ငံတော်အာဏာကို မတရား သိမ်းပိုက်ခဲ့ ခြင်းသာ ဖြစ်ကြောင်း ဖော်ပြထားသည်။
ယနေ့ တရားရုံး၏ ဆုံးဖြတ်ချက်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေအဖွဲ့က ဒက္ခိဏခရိုင်တရားရုံးသို့ အယူခံ တက်မည် ဖြစ်သည်။
ထို့ကြောင့် ယနေ့ ရုံးချိန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(ခ) အမှုနှင့် ပတ်သက်ပြီး ဆက်လက် စစ်ဆေး နိုင်ခြင်းမရှိခဲ့ ဘဲ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဦးထွန်းမြင့်အောင် (ခ) ညီညီဆိုသူက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဥပဒေ ပုဒ်မ ၂၅ ဖြင့် တရားစွဲမှုမှ တရားလို ပြသက်သေများဖြစ်သော ဇဗ္ဗူသီရိမြို့နယ်၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင် ဇော်မင်းနှင့် ပျဉ်းမနားမြို့နယ်၊ ရွာကောက်နယ်မြေရဲစခန်း ရဲအုပ်နေကျော်တို့ကိုသာ စစ်ဆေးခဲ့သည်။
You may also like these stories:
ကိုဗစ်ကူးစက်မှု မြင့်တက်နေလို့ ပြည်သူတွေအတွက် ဒေါ်အောင်ဆန်းစုကြည် စိုးရိမ်နေ