ရခိုင်ပြည်နယ်၊ အနောက်ဘက်ခြမ်း မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ၉၆ ဦးတွင် ကိုဗစ် – ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိကြောင်း သိရသည်။
မကြာသေးမီ ရက်ပိုင်းက ၎င်းတပ်ဖွဲ့ဝင်များသည် ပြည်မဘက်မှ မောင်တောမြို့၊ မြို့သူကြီး ရပ်ကွက်ရှိ အမှတ်(၅) နယ်ခြား စောင့် ရဲတပ်ရင်းသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်လာသူများ ဖြစ်သည်။
ထိုသို့ ပြောင်းရွှေ့လာသူများ ဖြစ်သည့်အတွက် သတ်မှတ်ထားသည့် နေရာတွင် အသွားအလာကန့်သတ် (Quarantine) စောင့်ကြည့်ထားရှိပြီးနောက် ယနေ့ (ဇူလိုင် ၁ ရက်) တွင် ဆေးစစ်ဆေးခဲ့ရာ ၉၆ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း မောင်တောပြည်သူ့ဆေးရုံအုပ် ဒေါက်တာနုကေသီစံက ပြောသည်။
၎င်းက“ဒီနေ့ ပိုးတွေ့တဲ့ လူနာတွေက အားလုံး ၉၆ ဦး ရှိပါတယ်။ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်တွေပါ။ ရောဂါ လက္ခဏာကတော့ အနံ့မရတာ တခုပဲ။ ကျန်မာရေး အခြေအနေလည်း ကောင်းပါတယ်”ဟု ဧရာဝတီကို ပြောသည်။
မောင်တောမြို့နယ်အတွင်း လက်ရှိအချိန်တွင် ကိုဗစ်ပိုးတွေ့ရှိသူ စုစုပေါင်း ၁၃၉ ဦးအထိ ရှိလာပြီဖြစ်ကာ တနေ့ထက် တနေ့ ကူးစက်ခံရသူ မြင့်တက်လာနေသည့်အတွက် ပြည်သူများကြား စိုးရိမ်မှု မြင့်တက်လျက် ရှိသည်။
မောင်တောမြို့ခံ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးထွန်းလှစိန်က “လူတွေက စိုးရိမ်ပေမယ့် စည်းကမ်း မလိုက်နာကြဘူး။ ဒီနေ့တော့ နှာခေါင်းစည်း (Mask) တပ်တာတွေ တွေ့တယ်။ နောက်ပြီး ဌာနဆိုင်ရာတွေကလည်း ထိထိရောက်ရောက် မလုပ်နိုင်ဘူး။ မီးသတ်ကား တစီးနဲ့ မြို့ပတ် လော်နဲ့အော်၊ ဒါလောက်ပဲ လုပ်နိုင်တာတွေ့တယ်။ အစက တည်းက ဆက်စပ်သူတွေကို လိုက်ပြီး ထိန်းချုပ်မှုတွေလုပ်ရင် ဒီလောက်ထိ မများလာနိုင်ဘူး” ဟု ပြောသည်။
မောင်တောမြို့နယ်အတွင်း ယနေ့ ဇူလိုင်လ ၁ ရက်နေ့ကစပြီး ကိုဗစ် စည်းကမ်းချက်များကို တိကျစွာ လိုက်နာရန် နှင့် Mask မတပ်ဘဲ အပြင်ထွက်သူများကို ဖမ်းဆီး ဒဏ်ရိုက်မည် ဖြစ်ကြောင်း သက်ဆိုင်ရာဌာနအသီးသီးက အသိပေး ကြေညာထားကြောင်း သိရသည်။
ယနေ့ ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ လူ ၉၄၅၇ ဦးကို စစ်ဆေးရာ ၂၀၇၀ ဦး တွေ့ ရှိခဲ့ပြီး သေဆုံးသူ ၁၃ ဦး ရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
မောင်တောနှင့် သံတွဲ၌ ကိုဗစ်ကူးစက်မှုနှုန်း မြင့်လာ