ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် မှုခင်း ရဲတပ်ဖွဲ့ သင်တန်းကျောင်းရှိ အပတ်စဉ် ၁၈၉ မှ သင်တန်း နည်းပြ ရဲအရာရှိနှင့် သင် တန်းသား အရာရှိ ၁၅၀ ခန့်တွင် ကိုဗစ် – ၁၉ ရောဂါပိုး ကူးစက်ခံထားရကြောင်း သိရသည်။
“တနိုင်ငံလုံးက သင်တန်းသား ၁၂၀ ရှိ တယ်။ အခု ကူးစက်ခံရသူတွေက ရဲအုပ်တွေချည်းပဲ။ ဒုရဲမှူး သုံးပွင့်တင်ဖို့အတွက် အဲဒီသင်တန်းကို တက်ရတဲ့သဘော။ အခုက သင်တန်းသား အချင်းချင်းကို ၁၁၄ ယောက် ကူးတာ။ ဆရာတွေပါ ထည့် တွက်ရင် အနည်းဆုံး ၁၅၀ လောက်တော့ ရှိမယ်”ဟု ရန်ကုန်မြို့မှ ရဲအရာရှိတဦးက ပြောသည်။
သင်တန်းကျောင်းသို့ ကိုဗစ်ရောဂါပိုး ရောက်ရှိလာခြင်းမှာ သင်တန်းနည်းပြ ဒုရဲမှူးတဦး နေမကောင်းရာမှ စတင်ခဲ့ခြင်း ဖြစ် ပြီး ၎င်း၏ နေအိမ်မှ ဆေးခန်းသွားပြရာ ဆရာဝန်က မသာင်္သဖြင့် ဆေးစစ်ကြည့်ရာတွင် ကိုဗစ်ပိုး တွေ့ ရှိရခြင်း ဖြစ်ကြောင်း သိရသည်။
“ရဲမှူးမောင်မောင်အေးနဲ့အဖွဲ့ပေါ့။ အဲဒီအဖွဲ့ထဲမှာ ပါလာတဲ့ ဒုရဲမှူးတယောက်မှာ ကိုဗစ်က ကူးလာတာ။ သူ့မှာ စတွေ့တော့ ကျန်တဲ့လူတွေပါ စစ်ဆိုပြီး စစ်တော့ သူ့နဲ့ တဖွဲ့တည်းလူတွေမှာလည်း တွေ့ တယ်။ သူစာသင်ပေးနေရတဲ့ CID က သင် တန်းသားတွေမှာလည်း တွေ့တယ်။ ၆ ယောက်ပဲ လွတ်တယ်”ဟု ယင်းရဲအရာရှိက ပြောပြသည်။
ယင်းဒုရဲမှူးနှင့် အဖွဲ့သည် ပြီးခဲ့သည့်လက ရွှေပြည်သာ စစ်ကြောရေးသို့လည်း ရောက်ရှိခဲ့သဖြင့် စစ်ကြောရေးမှ ရဲများကို လည်း ကိုဗစ်ပိုး စစ်ကြည့်ရာ ကူးစက်ခံရခြင်း မရှိကြောင်း၊ ယခုလို ရဲများ အစုလိုက် အပြုံလိုက် ကူးစက်ခံရမှုမှာ ရန်ကုန်မြို့ တွင် ပထမဆုံးအကြိမ်လည်း ဖြစ်ကြောင်း သိရသည်။
ယင်းဒုရဲမှူးသည် မည်သည့်အချိန်၊ မည်သည့်နေရာမှ ကိုဗစ်ပိုး စတင် ကူးစက်လာသည်ကိုမူ မသိရသေးပေ။
ယမန်နေ့(ဇွန်လ ၁ ရက်)ကလည်း ရခိုင်ပြည်နယ်၊ အနောက်ဘက်ခြမ်း မောင်တောမြို့နယ်အတွင်း နယ်ခြားစောင့် ရဲတပ် ဖွဲ့ဝင် ၉၆ ဦးတွင် ကိုဗစ် – ၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့သေးသည်။
မကြာသေးမီ ရက်ပိုင်းက ၎င်းတပ်ဖွဲ့ဝင်များသည် ပြည်မဘက်မှ မောင်တောမြို့၊ မြို့သူကြီး ရပ်ကွက်ရှိ အမှတ်(၅) နယ်ခြား စောင့် ရဲတပ်ရင်းသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင်လာသူများ ဖြစ်ကြောင်း သိရသည်။
ဇူလိုင်လ ၁ ရက်နေ့က ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်အရ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ လူ ၉၄၅၇ ဦးကို စစ်ဆေးရာ ၂၀၇၀ ဦး တွေ့ ရှိခဲ့ပြီး သေဆုံးသူ ၁၃ ဦး ရှိခဲ့ကြောင်း သိရသည်။
You may also like these stories:
တပူပေါ် နှစ်ပူဆင့်လာနေတဲ့ ကိုဗစ်တတိယလှိုင်း
ကိုဗစ်-၁၉ အစ ဓါတ်ခွဲခန်းက ဆိုသည့် အယူအဆကို တရားဝင် စုံစမ်းစစ်ဆေးသင့်
ကိုဗစ်တတိယလှိုင်း ဖြစ်လာလျှင် မြန်မာ ခံနိုင်ရည် မရှိ