မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသည့် မသော်သော်ဆိုသည့် အမျိုးသမီး ၁ ဦးအား စစ်ကောင်စီက လာရောက်ဖမ်းဆီးရာတွင် ဖမ်းမမိ ခဲ့သောကြောင့် ၎င်း၏ မိဘများအား ဖမ်းဆီးသွားပြီး ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅-ကဖြင့် အမှုဖွင့် တရားစွဲဆိုထား ကြောင်း သိရသည်။
ဖမ်းဆီးသွားသည့် မိဘများနှင့် အဆက်သွယ် ပြတ်တောက်နေခဲ့ပြီး အချုပ်ထောင်မှ ပြန်လွတ်လာသူ တဦး၏ ပြောပြချက် အရ ၎င်း၏မိဘများ ရိုက်နှက်ခံနေရကြောင်း၊ ဖခင်ဖြစ်သူကိုလည်း သွားများပြုတ်သည်အထိ ရိုက်နှက်နှိပ်စက်ထားသည် ဟု ပြန်လည်ကြားသိရကြောင်း မသော်သော်က ပြောသည်။
မသော်သော် က “ကျမကို အိမ်မှာလာရှာတာ မတွေ့လို့ အိမ်ရှိလူအကုန် ဖမ်းသွားတာပါ။ အဖေက အိမ်ထောင်ဦးစီးတယောက်ပဲ လိုက်ခဲ့မယ် ပြောတော့ စကားမများနဲ့ဆိုပြီး ရှိတဲ့လူအကုန် ဖမ်းသွားတာပါ။ ကျမကို ၅၀၅-က မထုတ်ထားဘဲ အိမ်ကို ရုတ် တရက် ဝင်ဖမ်းတဲ့သဘောပါ ဆန္ဒပြလို့ဆိုပြီး။ ကျမကို မြို့မှာလူသိများတယ်ဆိုတဲ့ အကြောင်းရင်းကြောင့် မိဘတွေကို ဓား စာခံ လုပ်သွားတာပါ။ ကျမက အခုလုံခြုံတဲ့နေရာမှာ ရှိနေပါပြီ” ဟု ဆိုသည်။
မသော်သော်သည် ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် မိခင်နှင့်အတူ ရိုက်ကူးထားသည့် ဟာသဗီဒီယိုအတိုလေးများ တင် ရင်း လူသိများသူတဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားများမှုတွင်လည်း တက်ကြွစွာ ပါဝင်ခဲ့သူတဦး ဖြစ်သည်။
ဧပြီ ၂၆ ရက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက သော်သော်၏ နေအိမ်သို့ လာဖမ်းရာ တိမ်းရှောင်နေသည့် ၎င်းအား မတွေ့ သဖြင့် အိမ်တွင်ရှိနေသည့် ၎င်း၏ မိဘ ၂ ပါးနှင့်အတူ ယောက်မဖြစ်သူတို့အား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း မသော်သော်က ပြောသည်။
၎င်းက “ပုဒ်မက ၅၀၅ နဲ့ပါ။ မိဘနှစ်ပါးလုံးပါ။ အမေက ကျမထွက်ရင် အတူလိုက်ပါတာမျိုးတော့ ရှိပါတယ်။ အဖေ ဆိုတာ လိုင်းတောင် သေချာမသုံးတတ်တဲ့ လူမျိုးပါ။ သူ့ဘာသာသူ အိမ်မှာနေတာပါ။ အသက်ကလည်း ကြီးနေပါပြီ။ ကျမတို့ လူ ငယ်တွေ လုပ်တာ။ လူကြီးတွေနဲ့ မဆိုင်ပါဘူး။ အဓိကက မိဘနှစ်ပါးလုံးကို ဓားစာခံလုပ်တာပါ” ဟု ပြောဆိုသည်။
ပြီးခဲ့သည့် ဇွန်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီက နွေဦးတော်လှန်ရေးကာလအတွင်း ဖမ်းဆီးထားသူများအနက် ၂၀၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ရာ မိုးကုတ်မြို့မှ ၄ ဦး ပြန်လွတ်မြောက်လာခဲ့သည်။
အဆိုပါ ပြန်လွတ်လာသူ ၄ ဦးအနက် မသော်သော်၏ ယောက်မဖြစ်သူ ပါလာခဲ့သော်လည်း ပုဒ်မ ၅၀၅-ကဖြင့် တရားစွဲခံ ထားရသည့် ၎င်း၏ မိဘနှစ်ပါးမှာ ပြန်လွတ်မြောက်လာခြင်း မရှိကြောင်း သိရသည်။
You may also like these stories:
ကိုဗစ်တတိယလှိုင်း ၁ လကျော်ကာလ ပိုးတွေ့မှု အမြင့်ဆုံး ရောက်လာ
ကိုဗစ်ကူးစက်မှု တရက်ထဲ လူ ၁၀၀၀ ကျော်အထိ ရှိလာ
စစ်ဘေးရော ကိုဗစ်ဘေးပါ ကလေးမြို့ ကပ်ဆိုက်