ဂျပန်နိုင်ငံ မစ်ဆုဘီရှီ ကော်ပိုရေးရှင်း၏ ကားတာယာ လုပ်ငန်းဖြစ်သည့် BRIDGESTONE က မြန်မာပြည်တွင် ရုံးခွဲဖွင့်ကာ လုပ်ဆောင်နေမှုများကို ယခုလကုန်တွင် ရပ်ဆိုင်းတော့မည်ဟု ဇူလိုင် ၆ရက်က ကြေညာလိုက်သည်။
လုပ်ငန်း ပိတ်သိမ်းရခြင်းအကြောင်းကို ကုမ္ပဏီဘဏ်က အသေးစိတ်ပြောကြားထားခြင်းမရှိသော်လည်း ကိုဗစ်ကြောင့် စီးပွားရေး ကျဆင်းခြင်းနှင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကြောင့် ဖြစ်နိုင်ကြောင်း ပြည်ပမှ ကားတင် သွင်းရောင်းချခြင်း လုပ်ငန်းလုပ်ကိုင်နေသူများက မှတ်ချက်ပြု ကြသည်။
ဂျပန် မစ်ဆုဘီရှီကော်ပိုရေးရှင်းသည် စင်ကာပူ အခြေစိုက် Myanmar Motors Pte. Ltd. နှင့် ပူးပေါင်း ပြီး First Japan Tire Services Co., Ltd. (FJTS)ကို ထူထောင်ကာ BRIDGESTONE တာယာကို မြန်မာပြည်ဈေးကွက်သို့ ၂၀၁၄ ခုနှစ်တွင် စတင် ဝင်ရောက်လာခဲ့ခြင်း ဖြစ်သည်။
ပြည်တွင်း ကားဈေးကွက်သည် ပြီးခဲ့သည့်နှစ် ကိုဗစ် ပထမလှိုင်းနှင့် ဒုတိယလှိုင်းတွင်လည်း မော်တော်ယာဉ်မှတ်ပုံတင် ပေးရမည့် အစိုးရ လုပ်ငန်းများ ရပ်ဆိုင်းထား၍ အရောင်းအဝယ် ကျဆင်းသွားသလို အာဏာသိမ်းပြီးနောက်တွင်လည်း ဘဏ်လုပ်ငန်းများနှင့် ချိတ်ဆက် ရောင်းချနေရသော အရစ်ကျစနစ်ပါ ရပ်တန့်သွားပြီ ဖြစ်ကြောင်း ပြည်ပမှ ကားတင် သွင်းရောင်း ချနေသော လုပ်ငန်းရှင်တဦးက ပြောဆို သည်။
“စီးပွားရေးကတော့ လုပ်ငန်းကဏ္ဍ အားလုံးလိုလိုက ရိုက်ခတ်မှုကြီးကြတာပဲ။ ဒီအချိန်မှာ အများစုက ရပ်တည်နိုင်ဖို့ အတွက်ပဲ ကြိုးစားနေကြရတာ။ နိုင်ငံခြား ကုမ္ပဏီတွေ ပြန်ထွက်တာကတော့ စီးပွားရေးအခြေအနေ ဆိုတာထက် နိုင်ငံရေးအခြေအနေ ကြောင့် ပိုဖြစ်နိုင်မယ်လို့ ထင်တယ်” ဟု ၎င်းက သုံးသပ်သည်။
အဆိုပါ First Japan Tire Services Co., Ltd. (FJTS)၏ ထုတ်ပြန်ချက်တွင် ၎င်းနှင့် Customer များကြား ချုပ်ဆိုထား သော Consignment Contract ( ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးစာချုပ်) များကို စာထုတ်ပြန်သည့်နေ့မှ စတင်ပြီး ဖျက်သိမ်း ကြောင်းနှင့် ယခုလို အကြောင်းကြားရခြင်းကို တောင်းပန်ကြောင်း ထည့်သွင်း ဖော်ပြထားသည်။
ထို့ပြင် အရောင်းကိုယ်စားလှယ်များအတွက် ဆိုင်းဘုတ်ကြော်ငြာ အခွန်အခများကိုလည်း ကုမ္ပဏီဘက်က ကျခံပေး တော့မည် မဟုတ်၍ ဆက်လက် တပ်ဆင်ထားရှိခြင်းနှင့် ဖြုတ်သိမ်းခြင်းများကို မိမိဘာသာ ဆုံးဖြတ်နိုင်ကြောင်း ဆိုထားသေးသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံအား အများဆုံး အကူအညီပေးနေသည့် နိုင်ငံဖြစ်သကဲ့သို့ ရန်ကုန်တိုင်း သီလဝါ အထူးစီးပွား ရေး ဇုန်တွင် ရင်းနှီးမြုပ်နှံမှုများကို တိုးမြှင့်ပြုလုပ်နေရာ စစ်တပ်အာဏာသိမ်းပြီးနောက် ဂျပန်နိုင်ငံအခြေစိုက် ကုမ္ပဏီများ ပြန်လည်ထွက်ခွာမှုများ ရှိနေသလို ကားထုတ်လုပ်သည့် Toyota ကုမ္မဏီကလည်း သီလဝါ အထူးစီးပွားရေးဇုန်တွင် ကားထုတ်လုပ်ရေး စက်ရုံ တည်ဆောက်နေခြင်းကို ယာယီရပ်နားထားလိုက်သည်။
You may also like these stories:
တယ်လီနော မြန်မာကို လက်ဘနွန်အခြေစိုက် M1 လုပ်ငန်းစုသို့ ရောင်းချ
ကိုဗစ်နှင့် အာဏာသိမ်းမှုကြောင့် ပြည်တွင်း ပြည်ပ စားသောက်ဆိုင်လုပ်ငန်းများ ပိတ်သိမ်းမှုများလာ
Auntie Anne ‘ s ပေါင်မုန့်ဆိုင်များ မြန်မာနိုင်ငံမှ ထွက်ခွာတော့မည်