မန္တလေးမြို့တွင် ယနေ့ နေ့လယ်ပိုင်းက စစ်ကောင်စီတပ်၏ ပစ်ခတ်ဖြိုခွင်းခံရသော မြတောင်သပိတ်စစ်ကြောင်းမှ ကျည်ထိ မှန်သူ ၃ ဦးအနက် ၂ ဦးမှာ သေဆုံးသွားပြီဖြစ်ပြီး ၎င်းတို့၏ ရုပ်အလောင်းများအား ပြန်လည် ထုတ်ယူခွင့်မရသေးကြောင်း သပိတ်စစ်ကြောင်းတွင် ပါဝင်သူတဦးက ဧရာဝတီကို အတည်ပြု ပြောဆိုသည်။
၎င်းက “ကနဦး အတည်ပြုချက်အရ မိန်းကလေး ၂ ဦး သေဆုံးတယ်လို့ သိရတယ်။ မသူသူဇင်နဲ့ နောက်တယောက် ကိုတော့ ကျနော်တို့ စုံစမ်းနေတုန်းပါ။ ရုပ်ပုံစံပဲ သိသေးတယ်။
နာမည်နဲ့ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး။ တယောက်က ခေါင်းနဲ့ တယောက်က လည်ပင်းထိပြီး ဆုံးတာ။ ရဲစခန်းမှာ ပြန်ထုတ်လို့ မရဘူး။ မိသားစုတွေကို ထုတ်ခွင့် မပေးဘူး။ သူတို့မိသားစုက သွားထုတ်တယ်။ ထုတ်ခွင့်မပေးဘူးလို့ သိရတယ်” ဟု ပြောသည်။
အဆိုပါ မိန်းကလေး ၂ ဦး အပါအဝင် ကျည်ထိမှန်ထားသည့် လူငယ် အမျိုးသားတဦးလည်း ဖမ်းဆီးခေါ်ဆောင် သွားခံရပြီး ၎င်း၏ အခြေအနေကိုမူ ဆက်လက် စုံစမ်းနေဆဲဖြစ်ကြောင်း သိရသည်။
“သူတို့အာဏာ တည်မြဲဖို့အတွက်က ဘုရားနယ်မြေတို့ဘာ တို့ ရှောင်မှာ မဟုတ်ဘူး။ ယုတ်မာမှုအပေါင်း သရဖူဆောင်းထားတဲ့အတွက် လုပ်မှာ။ ကျနော်တို့ဘက်ကလည်း အား မလျှော့ဘူး။ ဇွဲမလျှော့ဘူး။ စစ်အာဏာရှင် မပြုတ်မချင်း သတ္တိရှိရှိနဲ့ လမ်းပေါ်မှာ ဆန္ဒပြမှာပါ”
မြတောင်သပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း နေ့စဉ် လမ်းပေါ်ထွက် ချီတက်ဆန္ဒပြနေ သည့် မန္တလေးမြို့ သပိတ်စစ်ကြောင်းများထဲက တခုဖြစ်ပြီး ယနေ့ နေ့လယ်ပိုင်းတွင်လည်း မန္တလေး ဘုရားကြီးအနီး၌ သပိတ်စစ်ကြောင်းထွက်ရန် ပြင်ဆင်နေစဉ် အရပ်ဝတ်ဖြင့် လူတဦးက စတင်ပစ်ခတ်ခဲ့ပြီးနောက် စစ်သားနှင့် ရဲတပ်ဖွဲ့ဝင် များ ထပ်မံရောက်လာကာ ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ဒဏ်ရာရရှိထားသူ ၃ ဦး အပါအဝင် ၆ ဦးခန့်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။
မန္တလေး သပိတ်စစ်ကြောင်းများတွင် ပါဝင်သူ တဦးက “သူတို့အာဏာ တည်မြဲဖို့အတွက်က ဘုရားနယ်မြေတို့ဘာ တို့ ရှောင်မှာ မဟုတ်ဘူး။ ယုတ်မာမှုအပေါင်း သရဖူဆောင်းထားတဲ့အတွက် လုပ်မှာ။ ကျနော်တို့ဘက်ကလည်း အား မလျှော့ဘူး။ ဇွဲမလျှော့ဘူး။ စစ်အာဏာရှင် မပြုတ်မချင်း သတ္တိရှိရှိနဲ့ လမ်းပေါ်မှာ ဆန္ဒပြမှာပါ” ဟု ပြောဆိုသည်။
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းယူပြီးနောက် မန္တလေးမြို့တွင် ရဟန်းသံဃာများ၊ ကျောင်းသား၊ ပြည်သူများက စစ်အာဏာရှင်ကိုအလိုမရှိကြောင်း သပိတ်စစ်ကြောင်းများဖြင့် ချီတက်ပြီး နေ့စဉ်နီးပါး လမ်းပေါ်ထွက် ဆန္ဒပြ လျက်ရှိကာ စစ်ကောင်စီဘက်ကလည်း အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုများကို ယနေ့ထိတိုင် ပြုလုပ်နေဆဲ ဖြစ်သည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ စစ်တပ်က အာဏာသိမ်းယူထား သည့် ဖေဖော်ဝါရီ ၁ ရက်မှ ဇူလိုင် ၂၅ ရက်နေ့ထိ အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းများနှင့် ဖမ်းဆီးခံရပြီးနောက် သေဆုံးမှုများ အပါအဝင် ပြည်သူ ၉၃၄ ဦး သေဆုံးခဲ့ပြီ ဖြစ်သည်။
You may also like these stories:
စစ်ကောင်စီက အောက်ဆီဂျင်ကို ပိတ်ပင်တာ လူသတ်တာလား
ကိုဗစ်ကုသရေး ပရဟိတဆရာဝန် ၅ ဦး ထောင်ချောက်ဆင် အဖမ်းခံရ