နိုင်ငံတဝန်းရှိ အကျဉ်းထောင်၊ ရဲဘက်စခန်း ၂၂ ခုမှ အကျဉ်းသား၊ အချုပ်သားများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးပေးလျက်ရှိရာ ဩဂုတ် ၃ ရက်နေ့အထိ ၆၂၆၀ ဦး ထိုးပေးပြီးဖြစ်ကြောင်း အာဏာသိမ်း စစ်ကောင်စီ လက်အောက်ခံ သတင်းစာက ယနေ့ ထုတ်ပြန်ကြေညာသည်။
စစ်ကောင်စီ အနေဖြင့် တရုတ်နိုင်ငံထုတ် Sinovac နှင့် Sinopharm ကာကွယ်ဆေး ၃ သန်း ရရှိထားပြီး ပြည်သူများ အား ထိုးနှံပေးလျက်ရှိရာ အကျဉ်းထောင်များတွင်လည်း ဇူလိုင် ၂၈ ရက်မှ စတင်ပြီး ထိုးပေးနေခြင်း ဖြစ်သည်။
အကျဉ်းဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ ဇူလိုင် ၂၈ ရက်မှ သြဂုတ် ၃ ရက်နေ့အထိ အကျဉ်းထောင်၊ အချုပ်ထောင် ၁၃ ခုရှိ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ ၅၀၄၂ ဦးနှင့် စခန်း ၉ ခုရှိ အကျဉ်းသား၊ အကျဉ်းသူ၊ အချုပ်သား၊ အချုပ်သူ ၁၂၁၈ ဦး ပါဝင်ကြောင်း သိရသည်။
ကိုဗစ်တတိယလှိုင်း ဖြစ်ပွားနေသည့် မြန်မာနိုင်ငံတွင် ဇွန်၊ ဇူလိုင်လများအတွင်း ကူးစက်၊ သေဆုံးမှုများ မြင့်တက်ခဲ့ရာ အကျဉ်းထောင်များ၌လည်း ကိုဗစ်ကူးစက်မှုများ ဖြစ်ပွားခဲ့သည်။
ဇူလိုင် ၂၆ ရက်နေ့အထိ အကျဉ်းထောင်များအတွင်း ရောဂါပိုး ကူးစက်ခံရသူ ၅၆၆ ဦးရှိပြီး သေဆုံးသူ ၉ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။
အကျဉ်းထောင်အတွင်း ကိုဗစ်-၁၉ ကူးစက်မှုကြောင့် သေဆုံးခဲ့ရသူများအနက် အင်းစိန်ထောင်အတွင်း ဖမ်းဆီးချုပ်နှောင် ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်းလည်း အပါအဝင် ဖြစ်ပြီး ကိုဗစ် ကူးစက်မှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသနေစဉ် ဇူလိုင် ၂၀ ရက်နေ့က ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်၊ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကျော်ဟိုးနှင့် ရွှေညဝါ ဆရာတော် တို့မှာလည်း အင်းစိန်ထောင်အတွင်း ကိုဗစ်ရောဂါ ကူးစက်ခံရမှုကြောင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသမှု ခံယူခဲ့ရသည်။
အကျဉ်းထောင်များအတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများနှင့် ဖျားနာသူများအား လုံလောက်သည့် ဆေးဝါးကုသမှု ခံယူခွင့်ရရှိရေးအတွက် ဇူလိုင် ၂၃ ရက်နေ့က အင်းစိန်ထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများက ဆန္ဒပြ တောင်းဆိုခဲ့ကြ သည်။
စစ်ကောင်စီ လက်အောက် ကျန်းမာရေးဝန်ကြီးဌာန၏ သြဂုတ် ၄ ရက်၊ ည ၈ နာရီ သတင်းထုတ်ပြန်ချက်အရ မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ အတည်ပြုလူနာပေါင်း ၃၁၅,၁၁၈ ဦး ရှိပြီဖြစ်ပြီး ဆေးရုံဆင်းခွင့်ရရှိသူ ၂၂၅,၈၄၉ ဦး၊ သေဆုံးသူ ၁၀,၆၉၅ ဦး ရှိပြီ ဖြစ်သည်။
အဆိုပါ စာရင်းများသည် ကျန်းမာရေးဝန်ကြီးဌာနက စစ်ဆေးနိုင်သည့် သတင်းအချက်အလက် မျှသာဖြစ်ပြီး တကယ့်မြေပြင်တွင်မူ နေ့စဉ် ကူးစက်မှု၊ သေဆုံးမှုနှုန်းသည် ပိုများနေကြောင်း ကျန်းမာရေးပညာရှင်များနှင့် မြေပြင်တွင် ကူညီဆောင်ရွက်နေပေးနေသည့် လူမှုကူညီရေးအသင်းများနှင့် စေတနာ့ဝန်ထမ်းများက ပြောဆိုထားသည်။