ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် ရေပန်းစားခဲ့သူ ဦးရဲမင်းဦးအား အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ ဖြင့် နေပြည်တော် အမှတ် (၁)နှင့် အမှတ် (၅) ရဲစခန်းတို့တွင် ယမန်နေ့က ထပ်မံအမှုဖွင့်လိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ယနေ့ထုတ် သတင်းစာတွင် ထည့်သွင်းကြေညာထားသည်။
ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရ လက်ထက်တွင် ဦးရဲမင်းဦးသည် ရန်ကုန်တိုင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီး၊ နေပြည်တော် ဒုမြို့တော်ဝန်၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ၊ နေပြည်တော် စည်ပင်သာ ယာရေး ကော်မတီ ဒုဥက္ကဋ္ဌ တာဝန်များ ထမ်းဆောင်ခဲ့သူ ဖြစ်သည်။
ဦးရဲမင်းဦး အနေဖြင့် ပြီးခဲ့သည့် ဇူလိုင် ဒုတိယပတ်အတွင်းကလည်း နေပြည်တော်၊ လရောင်တော စီမံကိန်းနှင့် ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အမှုတွဲအဖြစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေဖြင့် မန္တလေးတိုင်း တရားလွှတ်တော် တွင် တရားစွဲခံထားရသေးသည်။
ယခု အဂတိမှုဖြင့် ထပ်မံအမှုဖွင့်ခြင်းသည် ဦးရဲမင်းဦး အနေဖြင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန် ထမ်းဆောင်စဉ် မီဒီယာစင်တာ တည်ဆောက်မှုနှင့် လုပ်ငန်းအချို့တွင် တင်ဒါစည်းမျဉ်းများ လိုက်နာမှု မရှိခြင်း၊ ချေးငွေများ ထုတ်ပေးခြင်းတို့တွင် နိုင်ငံတော် နစ်နာစေခဲ့သည်ဟု စွပ်စွဲခံရပြီး အမှုဖွင့်ခံရခြင်း ဖြစ်သည်။
၎င်းအား ထပ်မံအမှုဖွင့်ထားသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ သည် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ် အထိ ချမှတ်နိုင်သည့် ပုဒ်မတခု ဖြစ်သည်။
ထို့ပြင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ် အာဏာသိမ်းကတည်းက ဖမ်းဆီးခံခဲ့ရသည့် ဦးရဲမင်းဦးသည် အင်းစိန်ထောင် မရောက်ခင် စစ်ကြောရေးတွင် နံရိုးများ ကျိုးသည်အထိ နှိပ်စက်ခံခဲ့ရသည်ဟု သတင်းများ ထွက်ခဲ့သလို ၎င်းအား ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉ ဖြင့် တရားစွဲဆိုကာ အင်းစိန်ထောင်တွင် ချုပ်နှောင်ထားလျက် ရှိသည်။
ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၀၉ သည် ပြည်သူ့ဝန်ထမ်းကဖြစ်စေ၊ ဘဏ်တိုက်စိုးကဖြစ်စေ၊ ကုန်သည်ကဖြစ်စေ၊ ကိုယ်စား လှယ်ကဖြစ်စေ၊ ရာဇဝတ်မကင်းသော ယုံကြည်အပ်နှံရေး ဖောက်ဖျက်မှုဖြစ်ပြီး ပြစ်မှုထင်ရှားပါက တသက်တကျွန်းဒဏ် ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။
ပြီးခဲ့သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ဦးရဲမင်းဦးသည် ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)၊ တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် NLD ပါတီကိုယ်စားပြု ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ဘက်များအား မဲရလဒ် ၈၀ ရာခိုင်နှုန်း ကျော် အသာရကာ အနိုင်ရထားသူ ဖြစ်သည်။
You may also like these stories:
ဦးရဲမင်းဦးကို စွဲဆိုထားသည့် ပုဒ်မ ၄၀၉ အမှု အင်းစိန်ထောင်တွင် စတင် စစ်ဆေး
ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှု ၄ မှုဖြင့် ထပ်မံတရားစွဲ
ဒေါက်တာ ဇော်မြင့်မောင်နှင့် လျှပ်စစ်ဝန်ကြီး ဦးဇာနည်အောင်တို့ကို အဂတိမှုဖြင့် အမှုထပ်ဖွင့်