အာဏာသိမ်း စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် ပဲခူးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဦးညွန့်ရွှေသည် ကိုဗစ်ရောဂါဖြင့် ကွယ်လွန်သွားကြောင်း ပဲခူးတိုင်း NLD ပါတီနှင့် ပဲခူးမြို့ခံများထံမှ သိရသည်။
ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ် ကျိုက်ဇကောထောင်တွင် ထိန်းသိမ်းခံထားရသည့် ဦးညွန့်ရွှေသည် ကိုဗစ်ရောဂါဖြစ်ပွားနေသဖြင့် ပဲခူးပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ ဆေးကုသမှု ခံယူနေစဉ် ဩဂုတ်လ ၁၆ ရက် နံနက် ၅ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်သွားခြင်း ဖြစ်ကြောင်း သိရသည်။
ပဲခူးတိုင်း NLD အလုပ်အမှုဆောင်အဖွဲ့ကလည်း ဦးညွန့်ရွှေ ကွယ်လွန်သွားသဖြင့် အထူးဝမ်းနည်းကြောင်းဆိုထားပြီး အကျဉ်းထောင်အတွင်း ကိုဗစ်ရောဂါကူးစက်မှုများကို စစ်ကောင်စီက မထိန်းချုပ်ဘဲ လက်နက်သဖွယ် အသုံးပြုနေကြောင်း ကြေညာချက်ထုတ်ပြန် ထားသည်။
ဦးညွန့်ရွှေသည် ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မဲဆန္ဒ နယ်အမှတ် (၁) လွှတ်တော်ကိုယ်စား လှယ်ဖြစ်ပြီး ၂၀၂၀ အထွေထွေရွေးကောက်ပွဲနှင့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတို့တွင် ဆက်တိုက်အနိုင်ရခဲ့သူ ဖြစ်သည်။
ဦးညွန့်ရွှေသည် ပဲခူးမြို့ပေါ်တွင် ဖြစ်ပွားသည့် သာရေး၊ နာရေး နှင့် လူမှုရေးကိစ္စများတွင် ပါဝင်ကူညီဆောင်ရွက် တတ်သဖြင့် ၎င်းကို ပဲခူးမြို့ခံများက ပဲခူးမင်းသားကြီးဟု ချစ်စနိုးခေါ်ကြသည်။
ဖေဖော်ဝါရီလအတွင်း ပဲခူးမြို့၌ အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြပွဲများ ပေါ်ပေါက်လာသောအခါ ဦးညွန့်ရွှေသည် ဆန္ဒပြသည့် သပိတ်စစ်ကြောင်းများကို အားပေးနှုတ်ဆက်မှုများရှိခဲ့ပြီး ထိုသို့ အားပေးနှုတ်ဆက်သဖြင့် စစ်ကောင်စီက ၎င်းကို ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ပဲခူးတိုင်း သယံဇာတ၊ သစ်တောနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဖြစ်ပြီး စည်ပင်ဝန်ကြီးလည်း ဖြစ်သူ ဒေါက်တာစောညိုဝင်းသည်လည်း ကိုဗစ်ရောဂါ ကူးစက်ခံထားရကြောင်း ပဲခူးမြို့ခံအချို့ထံမှသိရသည်။
You may also like these stories:
မြန်မာသံအမတ်ကြီးကို လုပ်ကြံသတ်ဖြတ်ဖို့ ထိုင်းနိုင်ငံမှ လက်နက်ပွဲစားက ခိုင်းစေခြင်းဟုဆို
ကိုဗစ်တတိယလှိုင်း သေဆုံးသူ ယခင်လှိုင်းများထက် ၂ ဆရှိ
စက်တင်ဘာလ အလယ်လောက်အထိ သတိနဲ့ နေရမယ်