ကိုဗစ်ရောဂါ ကူးစက်မှု အကြောင်းပြချက်ဖြင့် နေပြည်တော်တွင် ပြုလုပ်လျက်ရှိသော သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့၏ ရုံးချိန်းများကို ယာယီရပ်ဆိုင်းထားရာ ရက်သတ္တပတ် ၆ ပတ် ကြာမြင့်လာ ပြီဖြစ်၍ တွေ့ ဆုံခွင့် ရရှိရန် သက်ဆိုင်ရာသို့ လျှောက်ထားမည် ဖြစ်ကြောင်း နေပြည်တော်မှ တရားလွှတ်တော် ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
“ဒီနေ့လည်း ရုံးမထုတ်ဘူး။ နောက်ရုံးချိန်းကတော့ စက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်ကို ချိန်းဆိုလိုက်တယ်ဆိုပြီး ဇမ္ဗူသီရိ မြို့ နယ် တရားရုံးက အခုပဲ ဆက်ပါတယ်။ ကျနော်တို့ တွေ့ ခွင့်မရတာ ၆ ပတ်ကျော် သွားပါပြီ။ ဒီကြားထဲမှာ ဘာသတင်း စ ကားမှ မကြားရတဲ့အတွက် ကျနော်တို့ကလည်း ဒီတပတ်ထဲမှာ တွေ့ ခွင့် လျှောက်ပါမယ်”ဟု ဦးခင်မောင်ဇော်က ပြော သည်။
ရှေ့နေအဖွဲ့ အနေဖြင့် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နေပြည်တော် မြို့တော် ဝန် ဒေါက်တာမျိုးအောင်တို့ သုံးဦးစလုံးတွင် တွေ့ဆုံခွင့် ရရှိရန် တရားရုံးတော်သို့ လျှောက်ထားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
“သမ္မတနဲ့ အတိုင်ပင်ခံတို့ကိုလည်း တွဲပြီးတော့ မြေမှုတမှုနဲ့ ထပ်ဆွဲထားတယ်လို့ သိရပါတယ်။ ရုံးမရောက်သေးဘူး။ ရဲစ ခန်းမှာပဲ အမှုဖွင့်ထားဆဲ ဖြစ်ပါတယ်။ ACC (အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်)ကနေ တိုင်ထားတယ်။ ဒေါက် တာ မျိုးအောင်တို့၊ ဦးရဲမင်းဦးတို့နဲ့ နေပြည်တော် စည်ပင် အဖွဲ့ဝင်တွေကိုလည်း ACC ကပဲ မြေမှုတမှုနဲ့ ထပ်တိုင်ထားပါ တယ်”ဟု ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။
ယင်းအမှုများ အားလုံးကို မန္တလေးတိုင်း တရားလွှတ်တော်တွင် ရုံးထုတ် စစ်ဆေးရန် ရှိပြီး ယခုအခါ နေပြည်တော်ရှိ ရဲစခန်း တခုတွင် အမှုဖွင့်ထားပြီး ဖြစ်ကြောင်း၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ ဖြင့် စွပ်စွဲထားခြင်း ဖြစ်ပြီး NLD အစိုးရလက်ထက် နေပြည်တော်တွင် ဖော်ထုတ်ခဲ့သည့် မြေကွက်များနှင့် ပတ်သက်၍ နိုင်ငံတွင် နစ်နာမှု ရှိသည်ဟု ဆိုကာ အမှုဖွင့်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။
NLD အစိုးရလက်ထက် ဒက္ခိဏသီရိမြို့နယ်ရှိ စီးပွားရေးဇုန်မြေကွက် ၄၄ ကွက် (စုစုပေါင်းဧရိယာ ၇၄.၇၆ ဧက) အား တ ကွက်လျှင် သိန်း ၅၀၀ နှုန်းဖြင့် ချထားပေးခဲ့သည့် အတွက် နိုင်ငံတော်က ကျပ် ၁၄၉၅၂ သန်းခန့် ဆုံးရှုံးခဲ့ကြောင်း စစ် ကောင်စီဘက်က စွပ်စွဲထားသည်။
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်တပ်က အာဏာသိမ်းခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော် ဝါရီလ ၁ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် ယခုအခါ ၎င်းကို မည်သည့်နေရာတွင် နေအိမ်အကျယ်ချုပ်ဖြင့် ချုပ်နှောင်ထားကြောင်း မသိရပေ။
စစ်ကောင်စီသည် ဒေါ်ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ရှိ နေရာတခုတွင် နေအိမ် အကျယ်ချုပ် ထားရှိပြီးနောက် ၎င်းကို ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၈၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၇၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅-ခ၊ သဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၂၅၊ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) တို့ဖြင့် အမှုများစွာတပ်ပြီး ထောင်ချနိုင်ရေး ကြိုးပမ်းလျက်ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ၅ လကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် အမှု ၁၀ မှုဖြင့် တရားစွဲခံထားရကာ အကျယ်ချုပ်ဖြင့် အမှုများအား ရင်ဆိုင်နေရပြီး ယင်းအမှုများ တခုချင်းအလိုက် အမြင့်ဆုံးပြစ်ဒဏ်များဖြင့် ချမှတ်ခဲ့ပါက သူ့အနေဖြင့် ထောင်ဒဏ် ၇၅ နှစ်ခန့်အထိ ချမှတ်ခံရနိုင်ဖွယ် ရှိနေသည်။
၂၀၂၀ နိုဝင်ဘာ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)ပါတီတို့၏ ရွေးကောက်ပွဲ အောင်မြင်မှုကို စစ်တပ်က လက်မခံဘဲ ယနေ့အချိန်အထိ ခိုင်လုံ သော အကြောင်းပြချက် မပေးနိုင်သည့် မဲမသမာမှု ရှိသည်ဆိုသော စွပ်စွဲချက်များဖြင့် လက်နက်အားကိုး၍ အာဏာသိမ်း ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နှင့် NLD ပါတီက မြန်မာ့နိုင်ငံရေးမှ အပြီးဖယ်ထုတ်ရန် စစ်ကောင်စီက ကြိုးပမ်းလျက်ရှိ ရာ ယခုကာလများတွင် ပိုမိုသိသာလာလျက်ရှိသည်။
NLD ပါတီသည် နိုင်ငံခြားငွေကြေးများ လက်ခံခဲ့သည်ဆိုသော စွပ်စွဲချက်များကို ပြုလုပ်လိုသဖြင့် စစ်ကောင်စီ အလိုကျ ဖွဲ့ စည်းထားသည့် ရွေးကောက်ပွဲ ကော်မရှင်သည် ယခုအခါ နိုင်ငံရေးပါတီများ၏ ငွေကြေးစီးဆင်းမှုများကို စိစစ်မည်ဟု ကြေညာပြီးနောက် နိုင်ငံရေးပါတီများကို နေပြည်တော်သို့ ဖိတ်ခေါ်ပြီး စိစစ်မှုများ စတင်နေပြီ ဖြစ်သည်။
You may also like these stories:
အစိုးရနေအိမ်မှ ဒေါ်အောင်ဆန်းစုကြည် ပစ္စည်းများ ဖယ်ရှားခံရ
ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်ကောင်စီ တွေ့ကြသလား
ဒေါ်အောင်ဆန်းစုကြည်အား အဂတိမှု ၄ မှုဖြင့် ထပ်မံတရားစွဲ