မန္တလေးတိုင်း မိုးကုတ်မြို့အနောက်ပိုင်း အောင်သစ်လွင်ရပ်ကွက်တွင် ယမန်နေ့ညပိုင်းက မြေပြိုမှုဖြစ်ပွားခဲ့သည့် အိမ်များ ကို တူးဖော်ရှာဖွေရာတွင် ယနေ့ နေ့လယ်ပိုင်းထိ သေဆုံးသူ ၅ ဦး၏ အလောင်းများကို ရှာဖွေ တွေ့ရှိရထားပြီး ဆက်လက် ၍ ရှာဖွေတူးဖော်မှုများ လုပ်နေကြောင်း သိရသည်။ မိုးကုတ်မြို့ ပရဟိတအသင်းများထံက သိရသည်။
“မနက် ၂ နာရီ ၃ နာရီလောက်က ဖြစ်မယ်။ မိုးတွေ ရွာတယ်။ မြေပြိုမှုတွေ ဘာတွေ ဖြစ်တယ်။ သတင်းကတော့ ၆ နာရီ လောက်မှ ရတယ်။ သတင်းရလို့ သွားကြတော့ မြေတွေက ပိနေပြီ။ အခုအချိန်အထိတော့ ဖော်နေကြတုန်း။ လောလော ဆယ်ထိတော့ သေဆုံးက ၅ ယောက်ရှိတယ်။ ရရှိထားတဲ့ အလောင်းတွေထဲမှာ ကလေးတွေရော လူကြီးတွေရော ပါတယ်” ဟု ပါရမီလူမှုကူညီရေး အသင်းက ပြောသည်။

အဆိုပါ မြေပြိုမှုကြောင့် နေအိမ် ၃ လုံးပျက်စီးခဲ့ကာ ထိုနေအိမ်များတွင် နေထိုင်သူ ၁၀ ဦးကျော် ရှိကြောင်း သိရသည်။
“အိမ် ၃ လုံးအပေါ် ပြိုကျတယ်။ လောလောဆယ်တော့ တအိမ်ထဲပဲ ဖော်လို့ ရသေးတယ်။ ကျန်တဲ့ ၂ အိမ်ကတော့ မြေ အောက်ကို လုံးလုံးရောက်နေတယ်။ တအိမ်ကတော့ နံရံကနေ ပွင့်ပြီးတော့ အထဲထိ ဝင်သွားတယ်” ဟု မိုးကုတ်မြို့ လူမှုကယ်ဆယ်ရေး အသင်းက ပြောသည်။
လက်ရှိအချိန်ထိ မြေပြိုကျခဲ့သည့် နေအိမ်များကို တူးဖော်မှုများ ပြုလုပ်လျက်ရှိပြီး ရှာဖွေတွေ့ရှိထားသည့် ရုပ်အလောင်း များကို မိုးကုတ်မြို့ ကျပ်ပြင် ဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။
အဆိုပါ မြေပြိုမှု ဖြစ်စဉ်နေရာသို့ ပါရမီနာမှုကူညီရေးအသင်း၊ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ မြန်မာနိုင်ငံလူမှု ကူညီရေး အသင်း၊ လောကနိတအသင်း စသည့် အဖွဲ့များမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်တွင်လည်း မြို့အနောက်ပိုင်း ကျပ်ပြင်ရပ်တွင် နေအိမ်တလုံးပေါ် ကျောက်နံရံပြိုကျသည့် အတွက် ၅နှစ်အရွယ် ကလေးတဦးနှင့် အမျိုးသမီး ၂ ဦးတို့ သေဆုံးခဲ့ပြီး သြဂုတ်လ ၁၃ ရက်တွင် မိုးဆက်တိုက်ရွာ သွန်း ကာ ချောင်း၊ မြောင်းရေကြီး ရေလျှံသဖြင့် မြေပြို၊ ကမ်းပြိုသည့်အတွက် တဦးသေဆုံး၍ ၆ ဦး ဆေးရုံတင်ခဲ့ရကြောင်း သိရသည်။
You may also like these stories:
မြန်မာနိုင်ငံ ဒေသအချို့တွင် ရေကြီးရေလျှံမှုများ ဖြစ်နေ
မြဝတီမြို့ ရေကြီးမှု ကယ်ဆယ်ရေးစက်လှေနှင့် အောက်ဆီဂျင် လိုအပ်နေ
မြဝတီမြို့တွင် သောင်းရင်းမြစ်ရေ တရိပ်ရိပ် တက်နေပြန်