မန္တလေးမြို့တိုင်း တောင်သာမြို့နယ် ဘုရားလှကျေးရွာ၌ ယနေ့မနက်တွင် စစ်ကောင်စီတပ်က ပြည်သူတဦးအား ဖမ်း ဆီးသွားပြီးနောက် အဆိုပါ ကျေးရွာရှိ အုပ်ချုပ်ရေးမှူး သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရကြောင်း ဒေသခံများထံက သိရ သည်။
သြဂုတ်လ ၃၀ ရက် မနက် ၄ နာရီခွဲ အချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ဘုရားလှကျေးရွာ အတွင်းသို့ ကိုမိုးဆိုသူ လာရောက်ဖမ်းဆီးရာတွင် သတင်းပေးခဲ့သူ ဟုဆိုသည့် အုပ်ချုပ်ရေးမှူး ဦးမြင့်နွယ်အား အဆိုပါ ဖမ်းဆီးမှုပြီးနောက် မနက် ၉ နာရီခန့်တွင် ၎င်း၏ နေအိမ်အတွင်းသို့ သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ဘုရားလှကျေးရွာ ဒေသခံတဦးမှ “ဖြစ်စဉ်က ဒီမနက် ၉ နာရီက ဖြစ်သွားတာ။ ဒီကိစ္စ မဖြစ်ခင် မနက် ၄ နာရီခွဲလောက် ဘုရားလှကျေးရွာကို စစ်တပ်က ဝိုင်းတယ်။ ကိုမိုးဆိုတဲ့ လူတယောက်ကို ဝိုင်းဖမ်းတယ်။ ဖမ်းပြီးသွားလို့ မနက် ၉ နာရီ လောက်ရောက်တော့ စစ်ကောင်စီက ခန့်တဲ့ အုပ်ချုပ်ရေးမှူးကို အိမ်ဝိုင်းထဲ ဝင်ပြီး သေနတ်နဲ့ ပစ်သွားတယ်။ နဖူးကနေ နောက်စေ့ထိပေါက်ပြီး ပွဲချင်းပြီး ဆုံးသွားတယ်” ဟု ပြောသည်။
ထိုသို့ ပစ်ခတ်မှုဖြစ်ပွားပြီးနောက်တွင် ဘုရားလှကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ခြင်းကြောင့် ရွာသူရွာသားများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်များအတွင်းက အဆိုပါ စစ်ကောင်စီအုပ်ချုပ်ရေးမှူးကြောင့် ဘုရားလှကျေးရွာအတွင်းမှ ရွာသား ၃ ဦး အဖမ်းခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။
တောင်သာမြို့ ဘုရားလှကျေးရွာအတွင်း ယခုရက်ပိုင်းတွင်း စစ်ကောင်စီတပ်များက ဖိနှိပ်မှုများ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
You may also like these stories:
ရန်ကုန်တွင် လူငယ်များကို စစ်ကောင်စီက ညစဉ် ဖမ်းဆီးနေ
သထုံမှာ အာဏာသိမ်းစစ်တပ်က ပစ်လို့ အရပ်သားနှစ်ဦး သေဆုံး