အာဏာသိမ်း စစ်ကောင်စီ ဒုတိယ ဥက္ကဌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် International Army Games-2021 ပိတ်ပွဲအခမ်းအနားသို့ တက်ရောက်ရန် ယနေ့ နံနက်ပိုင်းက နေပြည်တော် လေဆိပ်မှ ထွက်ခွာသွားကြောင်း သိရသည်။
၎င်းတို့ ကိုယ်စားလှယ် အဖွဲ့ကို အာဏာသိမ်း စစ်ကောင်စီ ဥက္ကဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လိုက်ပါ ပို့ဆောင်ခဲ့ပြီး ၎င်းတို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ကို ရုရှားနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Kuzhugetovich Shoigu က ဖိတ်ကြားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌနှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးနှင့် တပ်မတော်အရာရှိကြီးများ လိုက်ပါသွားပြီး ခရီးစဉ်အတွင်း International Army Games-2021 ပိတ်ပွဲ အခမ်းအနားသို့ တက်ရောက်ခြင်း၊ ရုရှားဖက်ဒရေးနိုင်ငံမှ စစ်ဘက်၊ အရပ်ဘက် တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခြင်းနှင့် အထင်ကရနေရာများသို့ သွားရောက် လေ့လာမည်ဟုလည်း သိရသည်။
လက်ရှိတွင် မြန်မာစစ်တပ်မှ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေးလည်း Army-Game ဖွင့်ပွဲတွင် ရုရှားနိုင်ငံသို့ သွားရောက်ခဲ့ပြီး မြန်မာစစ်ဘက်အတွက် လေကြောင်းရန် ကာကွယ်ရေး စနစ်များ ရရှိရေး ရုရှားစစ်ဘက် အရာရှိများနှင့် ဆွေးနွေးခဲ့သည်ဟု ရုရှားသတင်းဌာနများက ဖော်ပြခဲ့သည်။
ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၏ ရုရှားခရီးစဉ်တွင် တန်ဘိုး အမေရိကန်ဒေါ်လာ ၂.၃ ဘီလျံ ရှိ စစ်လက်နက်ပစ္စည်းများ ထပ်မံရောင်းချပေးလိုက်ကြောင်းလည်း ရုရှားသတင်းများက ဆိုသည်။
မြန်မာစစ်တပ်သည် ၂၀၁၀ ခုနှစ် နောက်ပိုင်းမှ စတင်ကာ ရုရှားစစ်တပ်နှင့် ဆက်ဆံရေး ပိုမိုကောင်းမွန်လာရာ ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းမှု အပြီး ပိုမိုနီးကပ်သည့် ဆက်ဆံရေး အခြေအနေသို့ ရောက်ရှိလာသလို ရုရှားသမ္မတ ပူတင်ကလည်း အရှေ့တောင်အာရှတွင် မြန်မာသည် ရုရှား၏ မဟာဗျူဟာကျသည့် မဟာမိတ်ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားပြီဖြစ်သည်။
You may also like these stories:
ရုရှား-မြန်မာ ဆက်ဆံရေး ပိုမိုခိုင်မာလာဟု စစ်ကောင်စီပြောခွင့်ရဆို
မြန်မာလေတပ်ဦးစီးချုပ် ရုရှားသွားရောက်