မြန်မာနိုင်ငံမှ လုပ်ငန်းများ မရောင်းချဘဲ ဆက်ရှိနေရေး တောင်းဆိုမှုများ ရှိနေသော်လည်း လက်ရှိ အခြေအနေတွင် ဖြစ်နိုင်ချေ မရှိတော့ကြောင်း နော်ဝေဆက်သွယ်ရေး လုပ်ငန်းစု တယ်လီနော လုပ်ငန်းစုက ယနေ့ကြေညာလိုက်သည်။
မြန်မာ လူ့အခွင့်အရေး၊ မီဒီယာနှင့် အခြား အဖွဲ့အစည်း ၄၅ ခုတို့က တယ်လီနောအုပ်စု အနေဖြင့် မြန်မာနိုင်ငံမှ လုပ်ငန်း များကို စစ်ကောင်စီနှင့် ပတ်သက်နေသည့် လက်ဘနွန် ဆက်သွယ်ရေးကုမ္ပဏီ M1 အုပ်စုသို့ အငြင်းပွားဖွယ် ရောင်း ချခြင်းအား ရပ်ဆိုင်းရန် ဩဂုတ်လအတွင်း တောင်းဆိုလိုက်ပြီးနောက် တယ်လီနောဘက်က ထုတ်ပြန်လာခြင်း ဖြစ်သည်။
တယ်လီနောသည် OECD (စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့) ၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာပြီး ကုလသမဂ္ဂ၏ စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ လမ်းညွှန်ချက်များကိုလည်း လိုက်နာရန် ကတိပြုထား ကြောင်း ဆိုသည်။
အာဏာသိမ်းလိုက်ပြီးနောက်တွင် မြန်မာနိုင်ငံ၌ တယ်လီနောအနေနှင့် ဆက်လက် ရပ်တည်လုပ်ကိုင်မည်ဆိုပါက တယ်လီ ဖုန်းလိုင်းများအား ကြားဖြတ်ဖမ်းယူနိုင်မည့် စက်များ တပ်ဆင်ရေး ခွင့်ပြုပေးရမည်ဟု စစ်တပ်ဘက်က ဆိုလာကြောင်း တယ်လီနောက ပြောသည်။
ယင်းတောင်းဆိုချက်ကို တယ်လီနောအနေနှင့် လိုက်နာရန် မဖြစ်နိုင်သဖြင့် မြန်မာနိုင်ငံရှိ တယ်လီနော လုပ်ငန်းစုကို ရောင်းချရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ကြောင်း ကြေညာချက်တွင် ပါရှိသည်။
ထိုသို့ ကြားဖြတ် ဖမ်းယူစက်များ တပ်ဆင်ခြင်းကို နော်ဝေနှင့် နိုင်ငံတကာတွင် ပိတ်ဆို့ထားသည့် အတွက် တယ်လီနော အနေဖြင့် လက်ခံနိုင်စရာမရှိကြောင်း၊ လက်ရှိ မြန်မာနိုင်ငံသည် တယ်လီနော သုံးစွဲသူများ အပေါ် အကာအကွယ်ပေးသော အခြေခံအကျဆုံး လူ့အခွင့်အရေးများနှင့် နိုင်ငံတကာ ဥပဒေများကို လိုက်နာ နိုင်သောနေရာ မဟုတ်တော့ကြောင်း တယ်လီနော လုပ်ငန်းစုက ဆိုသည်။
လက်ရှိ အချိန်အထိ မြန်မာနိုင်ငံတွင် တယ်လီနောသည် ကြားဖြတ် ဖမ်းယူစက်များ တပ်ဆင်ခြင်းနှင့် စက်များကို အသက် သွင်းထားခြင်းများ မလုပ်ရသေးကြောင်း ထုတ်ပြန်ချက်အရသိရသည်။ တယ်လီနောအနေနှင့် ယခုအခါတွင် မြန်မာနိုင်ငံမှ လုပ်ငန်းများအား ရောင်းချခြင်း လုပ်ငန်းစဉ်ကို ဆက်လက် အာရုံစိုက်လုပ်ကိုင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
တယ်လီနောသည် မြန်မာနိုင်ငံမှ ၎င်းတို့၏ လုပ်ငန်းများကို လက်ဘနွန်မှ ဆက်သွယ်ရေး လုပ်ငန်းစု M1 အုပ်စုသို့ ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချမည်ဟု ဇူလိုင်လက ကြေညာခဲ့ခြင်းဖြစ်သည်။
You may also like these stories:
တယ်လီနောမြန်မာရဲ့ အရောင်းအဝယ် မရေမရာဖြစ်နေသေး
ဧရာဝတီဘဏ် ငွေသယ်ကား ဓားပြတိုက်မှု PDF လက်ချက်ဟု စစ်ကောင်စီစွပ်စွဲ
ဖုန်းများကို ကြားဖြတ်သတင်းယူရန် စစ်တပ် ဘယ်လိုလုပ်ခဲ့သလဲ