ကယား (ကရင်နီ) ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်တွင်း စစ်ကောင်စီနှင့် ကရင်နီတပ်ဖွဲ့များကြား တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် စစ်ဘေးရှောင်ဒုက္ခသည် အဖွဲ့တဖွဲ့တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသူ ၄၀ ဦး တွေ့ရှိကြောင်း သိရသည်။
အဆိုပါ စစ်ဘေးရှောင် အဖွဲ့ထဲတွင် ဒုက္ခသည်ဦးရေ ၁၂၀ ဦး ရှိသည့်အနက် ၄၀ ဦးမှာ ကိုဗစ် ကူးစက်ခံနေရခြင်း ဖြစ်ပြီး ၎င်းတို့ အားလုံးသည် စက်တင်ဘာ ၇ ရက်မှ ၁၀ ရက်အတွင်း တိုက်ပွဲများကြောင့် ငွေတောင်၊ စံပြ ၆ မိုင်၊ ၅ မိုင်၊ ဝမ့်လ ထွား၊ ဘတ်တလိန်၊ ဒေါခလိုက်လင်း၊ ဒေါပိုးစီ စသည့် ကျေးရွာများမှ ထွက်ပြေးလာရသူများ ဖြစ်သည်။
စစ်ဘေးရှောင် ဒုက္ခသည်များကို အကူအညီပေးနေသူတဦးက “အခု ရှောင်နေတဲ့ နေရာကတော့ လုံခြုံရေးအရ ပြောလို့ မရပါဘူး။ ဒီးမော့ဆိုမြို့နယ်ထဲမှာပါပဲ။ ဒီမှာ ရောဂါကူးခံရတာက စစ်ကြည့်လိုက်တော့ သိရတာ။ ဆေးတွေ လိုအပ်နေပါ တယ်။ ဆေးကုသဖို့ကလည်း ဘယ်ကိုမှ ပို့လို့မရတော့ ကိုယ်ထူကိုယ်ထ ကုကြရမှာပါ။ စားနပ်ရိက္ခာရော ဆေး အကူ အညီရော အရမ်းလိုအပ်နေတယ်” ဟု ပြောသည်။
စစ်ဘေးရှောင် ဒုက္ခသည်ဦးရေ များလာသည့်အတွက် ဆရာဝန်အင်အား မလုံလောက်တော့ကြောင်း၊ လမ်းကြောင်းများ ပိတ်ထားသည့်အတွက် ရှိသည့်ဆေးဝါးဖြင့်သာ အဆင်ပြေသလို ကုသနေရကြောင်း၊ သို့သော်လည်း တချို့နေရာများတွင် ကိုဗစ်ထက် စစ်ကောင်စီ လက်အောက်ခံ တပ်များက ပိုဆိုးနေသဖြင့် ရောဂါကို ဂရုမစိုက်နိုင်တော့ကြောင်း စစ်ဘေးရှောင် ဒုက္ခသည်များအား ကူညီပေးနေသူများထံမှ သိရသည်။
ကယားပြည်နယ်တွင်း ဒီးမော့ဆိုမြို့နယ်နှင့် လွိုင်ကော်မြို့နယ်တို့တွင် စစ်ကောင်စီနှင့် ကရင်နီတော်လှန်ရေး တပ်များကြား စစ်ရေးတင်းမာနေပြီး လမ်းမကြီးများကို ပိတ်ထားခြင်း၊ စစ်ကောင်စီဘက်က တင်းတင်းကျပ်ကျပ် စစ်ဆေးခြင်းများကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးများ သယ်ယူရန် အခက်အခဲ ဖြစ်နေသည်။
ကယားပြည်နယ်တွင်း စစ်ဘေးရှောင် ဒုက္ခသည်များကို ကူညီစောင့်ရှောက်ရန် သီးသန့်ရန်ပုံငွေ ထူထောင်ထားနိုင်ခြင်း မရှိ သဖြင့် နိုင်ငံတကာရောက် ကရင်နီလူမျိုးများ၊ အခြားအလှူရှင်များနှင့် တဦးချင်းစီက လှူသည့်ငွေများကို ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီက စုဆောင်းပြီး ပြန်လည် ထောက်ပံ့နေရခြင်း ဖြစ်သည်။
စက်တင်ဘာ ၁၂ ရက်နှင့် ၁၉ ရက်အတွင်းကလည်း လွိုင်ကော်မြို့တွင်း နေထိုင်သည့် ဒုက္ခသည်များအား စားနပ်ရိက္ခာ နှင့် ဆေးဝါး ဝယ်ယူကာ ပို့ဆောင်ပေးနေသူ ၂ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။
၂၀၁၉ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းအရ ကယား တပြည်နယ်လုံးတွင် လူဦးရေ ၂၈၀,၀၀၀ ရှိပြီး ယခုအခါ လူဦးရေ ၁၅၀,၀၀၀ သိန်းခွဲမှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသည်။
ထိုသို့ နေရပ်စွန့်ခွာ ပြေးနေရသည့် စစ်ဘေးရှောင် ဒုက္ခသည်များထဲတွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူများ တွေ့ရှိလာ ရပြီး တချို့မှာ ဆေးရုံများသို့ လက်လှမ်းမီသော်လည်း တချို့မှာ တောတောင်ထဲတွင် ကိုယ်ထူကိုယ်ထ စနစ်ဖြင့် ကုသနေကြ ရဆဲ ဖြစ်သည်။
စက်တင်ဘာ ဒုတိယပတ်ကလည်း လွိုင်ကော်မြို့နယ်တွင်း စစ်ဘေးရှောင် ဒုက္ခသည်များကို လက်ခံထားသည့် ဘုန်း ကြီးကျောင်းတခုတွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးရာ ဒုက္ခသည်ဦးရေ ၃၀၀ ကျော် ရှိသည့်အနက် ရောဂါပိုး ကူးစက် ခံထားရသူ ၄၀ ကျော် တွေ့ရှိခဲ့သည်။
You may also like these stories:
မြို့ကြီးများ၌ ကိုဗစ်ကူးစက်မှု ကျဆင်းသည်ဆိုသော်လည်း နယ်များတွင် ဖြစ်ပွားမြင့်နေ
ဦးဝီရသူအား အမှုရုတ်သိမ်းကာ လွှတ်ပေး
မြောင်မြို့နယ်ရှိ ချောင်းဇင်းရွာကို စစ်တပ် ပစ်ခတ် စီးနင်းပြီး ဒေသခံ ၄ ဦးကို ဖမ်းဆီး