အိန္ဒိယနိုင်ငံ အခြေစိုက် Adani Ports and Special Economic Zone Ltd (APSE.NS) ကုမ္ပဏီက ရန်ကုန်မြို့ရှိ အလုံဆိပ် ကမ်း စီမံကိန်း၌ ရင်းနှီးမြှုပ်နှံထားမှုကို လာမည့် ၂၀၂၂ ဇွန်လတွင် နုတ်ထွက်တော့မည်ဖြစ်ကြောင်း Reuters သတင်းအရ သိရသည်။
အမေရိကန်က မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့ အရေးယူရမည့် နိုင်ငံတနိုင်ငံအဖြစ် သတ်မှတ်ပါက ၎င်းတို့၏ ရန်ကုန် ဆိပ်ကမ်း စီမံကိန်းကို စွန့်လွှတ်ပြီး ရင်းနှီးမြှုပ်နှံမှုများအား အပြည့်အဝ ပြန်လည်ရုပ်သိမ်းမည်ဟု ယင်းကုမ္ပဏီက မြန်မာ စစ်တပ် အာဏာသိမ်းပြီးနောက် ထုတ်ပြန်ထားခဲ့ဖူးသည်။
အဆိုပါ Adani ဆိပ်ကမ်းကုမ္ပဏီသည် မြန်မာစစ်တပ်၏ စီးပွားရေး လုပ်ငန်းစုတခုဖြစ်သည့် မြန်မာ့စီးပွားရေး ကော်ပိုရေး ရှင်း(MEC) ထံမှ ဧက ၅၀ ရှိသော အလုံဆိပ်ကမ်း စီမံကိန်းကို ငှားရမ်းပြီး အမေရိကန်ဒေါ်လာ သန်း၂၉၀ ရင်းနှီးမြှုပ်နှံ ထားခြင်းဖြစ်ကာ ၂၀၁၉ ခုနှစ်ကတည်းက လုပ်ကိုင်ခွင့် ရရှိထားသည့် လုပ်ငန်းဖြစ်တခုဖြစ်သည်။
မြန်မာစစ်တပ်က အာဏာသိမ်းမှုဖြစ်ပွားပြီးနောက် စစ်တပ်နှင့် စီးပွားရေးအရ တနည်းအားဖြင့် ပူးပေါင်းဆောင်ရွက်လျက် ရှိနေသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသည် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လူအခွင့်အရေးဆိုင်ရာ လှုပ်ရှားနေသော အဖွဲ့များ၏ ဖိအားပေးမှု ခံနေရလျက်ရှိကြသည်။
နော်ဝေ ပြည်သူ့ပင်စင်ရန်ပုံငွေက တာဝန်သိ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများကို ချိုးဖောက်နေသည်ဟုဆိုကာ အာဏာ သိမ်းပြီးနောက် စစ်တပ်နှင့် စီးပွားရေး ဆက်လက်လုပ်ကိုင်လျက်ရှိသော အိန္ဒိယ Adani ကုမ္ပဏီအုပ်စုထံမှ ၎င်း၏ ရှယ်ယာ ထည့်ဝင်မှုများကို ရုပ်သိမ်းခဲ့သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပြန်ထွက်ခြင်းနှင့် ဝင်ရောက်ရန် ပြင်ဆင်ထားသော ရင်းနှီးမြှုပ်နှံမှု ရပ်ဆိုင်ထားသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ ၁၀ ခုကျော်အထိ ရှိလာပြီ ဖြစ်သည်။
You may also like these stories:
နေပြည်တော် က Kempinski ဟိုတယ် ပိတ်
၂၀၂၂ တွင် မြန်မာ့စီးပွားရေး အနုတ်လက္ခဏာထိ ကျဆင်းသွားနိုင်ဟု IMF ဆို
ဗြိတိသျှအခြေစိုက် စီးကရက်ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာ