အရပ်သားအစိုးရအား ဖြုတ်ချကာ စစ်တပ်အာဏာသိမ်းပြီးနောက် ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ၄၁၈ ဦးဖမ်းဆီးခံခဲ့ရပြီး ၈ ဦးမှာသေဆုံးခဲ့ရကြောင်း NLD ဗဟိုအလုပ် ကော်မတီဝင် ဦးကျော်ထွေးက D-Wave သတင်းစာမျက်နှာကတဆင့် ယမန်နေ့ကပြောသည်။
ဖမ်းဆီးခံပြီးနောက် သေဆုံးသူ ၈ ဦးအနက် ၅ ဦးသည် စစ်ကောင်စီ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့ရခြင်းဖြစ်ပြီး ၃ ဦးသည် အကျဉ်းထောင်များတွင် ထိန်းသိမ်းခံထားရစဉ် သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီလက်အတွင်း သေဆုံးခဲ့ရသူများမှာ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း၊ ဦးအေးလှ၊ ဦးညွှန့်ရွှေ၊ ဦးဖြိုးဝေထွန်း၊ ဦးခင်မောင်လတ်၊ ဦးဇော်မြတ်လင်း၊ ဦးကျော်ကျော် (အဂ္ဂမိုးညို)နှင့် ဦးစိုးစံတို့ဖြစ်ကြောင်းလည်း ဦးကျော်ထွေးက ပြောထားသည်။
လက်ရှိဖမ်းဆီးခံထားရသူများထဲတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်၊ ဒေါက်တာဇော်မြင့်မောင်၊ ပါတီအ တွင်းရေးမှူးအဖွဲ့ဝင်များ၊ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်များနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၈၉ ဦး တို့လည်း အပါအဝင်ဖြစ်ကြောင်း ၎င်းကဆိုထားသည်။
ယင်းအပြင် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးချိန်မှစ၍ ရန်ကုန်မြို့ရှိ ပါတီရုံးချုပ် အပါအဝင် NLD ပါတီရုံး များအား စီးနင်းရှာဖွေမှုများ၊ ဗုံးခွဲတိုက်ခိုက်ဖျက်ဆီးခြင်းများ ပြုလုပ်မှု ၅၈ ကြိမ်ရှိပြီဖြစ်ကြောင်းလည်း ၎င်းက ပြောထားသည်။
ယင်းသို့ ပါတီရုံးများ ကျူးကျော်ဖျက်ဆီးခံရမှုများမှာ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ သာ သွားလာခွင့်ရှိသည့်အချိန်များအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အာဏာသိမ်းစစ်ကောင်စီအနေဖြင့် တိုင်းနှင့်ပြည်နယ်အသီးသီးမှ NLD ပါတီလွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များ၏ နေအိမ်များကိုလည်း ချိတ်ပိတ်သိမ်းဆည်မှုများ ဆောင်ရွက်လျှက်ရှိရာ တနိုင်ငံလုံးအတိုင်းအတာဖြင့် အိမ် ၄၀ ချိတ်ပိတ်ခံခဲ့ရကြောင်းလည်း လတ်တလောရရှိထားသည့် အချက်အလက်များအား အခြေခံကာ ဦးကျော်ထွေးက ပြောထားသည်။
You may also like these stories:
လုံခြုံရေးအဖွဲ့သုံး ဆက်သွယ်ရေးစက်အမှု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ထွက်ဆိုမည်
ဒေါ်အောင်ဆန်းစုကြည်အမှု ဒေါက်တာဇော်မြင့်မောင်ကို သက်သေတင်
တရုတ်အထူးကိုယ်စားလှယ် ဆွန်းကော့ရှန် မြန်မာနိုင်ငံသို့ ရောက်နေ