ရခိုင်ပြည်နယ် အခြေစိုက် Western News သတင်းဌာနကို နိုဝင်ဘာ ၁၉ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ်များက ရှာဖွေမှုများ ပြုလုပ်ခဲ့ကြောင်း Western News သတင်းဌာနက ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာမှတဆင့် သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ရခိုပြည်နယ်အခြေစိုက် ရဲတပ်ဖွဲ့များ အပါအအဝင် သတင်းရဲတပ်ဖွဲ့ (SB) ဟု ယူဆရသူများက Western News သတင်းဌာနအခြေစိုက်ရာ နေရာအား စစ်တွေမြို့ရပ်ကွက်များတွင် စုံစမ်းမှုများပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ရဲတပ်ဖွဲ့တွေပါတယ်။ မြို့နယ်မှူးပါတယ်။ (SB) လို့ယူဆရသူတွေ က ကျနော်တို့ရုံးဘယ်မှာရှိလဲဆိုတာကို လာရောက်စုံစမ်းမှုတွေရှိတယ်။ ရုံးရှိရာကို ဘယ်မှာလဲဆိုတာ သေချာမေးမြန်းနေကြတယ်” ဟု Western News သတင်းဌာမှ အယ်ဒီတာချုပ် ၏ ပြောဆိုချက်ကို သတင်းထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။
Western News သတင်းဌာနမှ AA က ကျဆုံးခဲ့သည့်ဗိုလ်လောင်း ၈ ဦး၏ သတင်းရေးသားခဲ့သည်နှင့် ပတ်သက်၍ လာရောက်စုံးစမ်းခြင်းဖြစ်သလို ရခိုပြည်နယ်အတွင်း စစ်တပ်က လူ့အခွင့်အခွင့်အရေးချိုးဖောက်မှုနှင့်ပတ်သတ်၍ ရေးသားခဲ့သည့်အပေါ် ယခု ကဲ့သို့ လာရောက် စုံစမ်းစစ်ဆေးမှုများလုပ်သည်ဟု ယူဆကြောင်း ရှင်းပြထားသည်။
Western News ၏ သတင်းထုတ်ပြန်ချက်ထဲတွင် ရခိုင်ပြည်နယ် အခြေစိုက် Narinjara သတင်းဌာနလည်း ယင်းသို့ ရှာဖွေခံရကြောင်း ထည့်သွင်းဖော်ပြထားသော်လည်း Narinjara သတင်းဌာန၏ တာဝန်ခံ အယ်ဒီတာ ကိုမာန်ယုကျော်ကတော့ ၎င်းတို့ ရုံးခန်းရှိရာသို့ စစ်ကောင်စီ အဖွဲ့များ လာရှာသည့် ဖြစ်စဉ်မျိုး မရှိသေးဟု ဧရာဝတီသို့ ပြောသည်။
သို့သော်လည်း ပြည်သူကို သတင်းမှန်ပေးနေသော လွတ်လပ်သည့် သတင်းမီဒီယာများကို စစ်ကောင်စီ အနေဖြင့် ယင်းသို့ မလုပ်သင့်ကြောင်း Narinjara တာဝန်ခံ အယ်ဒီတာက မှတ်ချက်ပြုသည်။
ကိုမာန်ယုကျော် က “ကျနော်တို့တွေက အမှန်တရားကို ရေးသားထုတ်ဝေနေကြတဲ့ သတင်းဌာနတွေဆိုတော့ ပြည်သူတွေရဲ့ နားမျက်စိပေါ့၊ ပြည်သူတွေ သတင်းသိပိုင်ခွင့်ရဖို့အတွက် အမှန်တရားဘက်က မျှမျှတတ သတင်းရေးသားတင်ဆက်နေရတဲ့အခါမျိုးမှာ အခုလိုမျိုးဖမ်းဆီးခြိမ်းခြောက်တာမျိုးတွေ အာဏာသုံးပြီး တခုခုလုပ်တာမျိုးတွေ မလုပ်သင့်ဘူး” ဟု ပြောသည်။
ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့လည်ပိုင်းတွင် အဆိုပါ ရခိုင်ပြည်နယ်အခြေစိုက် သတင်းဌာန ၂ ခုသည် ရက္ခိုင့်တပ်တော် AA ကျဆုံးသွားသော ဗိုလ်လောင်း ၈ ဦး၏ အောက်မေ့ဖွယ်အခမ်းအနား ကို စစ်တွေမြို့တွင် ကျင်းပပြုလုပ်သည့်ဆိုသည့် သတင်းများကို ဖော်ပြခဲ့ကြသည်။
အဆိုပါ AA ဗိုလ်လောင်းများသည် ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA ၏ ထိန်းချုပ်နယ်မြေ ကချင်ပြည်နယ် လိုင်ဇာမြို့ကို မြန်မာစစ်တပ်က လက်နက် ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဗိုလ်လောင်းသင်တန်းတက်ရောက်နေစဉ် ကျဆုံးသွားကြသူများဖြစ်သည်။
You may also like these stories:
မစ္စတာ ဆာဆာကာဝါ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ရရန် ကြိုးပမ်းသော်လည်း မအောင်မြင်
တရားဝင်မှုအတွက် စစ်ကောင်စီ သံတမန်ရေး အားကိုးရှာလာ
အာဏာသိမ်းခေါင်းဆောင်နှင့် တရုတ်၊ ဂျပန်၊ ထိုင်း အဆင့်မြင့်အရာရှိများတွေ့ဆုံ