အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဖြစ်သူ ဦးမင်းသူအား အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ (၅၅) ဖြင့် ယမန်နေ့က နေပြည်တော်၊ ဘုရားကုန်းရဲစခန်းတွင် အမှုဖွင့်လိုက် ကြောင်း အာဏာသိမ်း စစ်ကောင်စီက ကြေညာသည်။
ဦးမင်းသူ အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ စက်တင်ဘာလအတွင်း NLD အောင်နိုင်ရေးအတွက် လုပ်ငန်းရှင်တဦးထံမှ NLD တံဆိပ်ပါ တီရှပ်အင်္ကျီအထည် ၁၈,၀၀၀ အတွက် တန်ဖိုးကျပ် ၃၁၅ သိန်းနှင့် NLD တံဆိပ်ပါ လွယ်အိတ်များ ဝယ်ယူရန်အတွက် ကျပ်သိန်း ၃၆၀ တို့အား လက်ခံရယူခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။
ထို့ပြင် ဦးမင်းသူသည် NLD ပါတီ အပြတ်အသတ် အနိုင်ရရှိခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် စစ်ကောင်စီက စွပ်စွဲထား သည့် မဲမသမာမှုများတွင် ပါဝင်ပတ်သက်သည် ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်၏ တရားစွဲဆိုခြင်းကိုလည်း ခံထားရသေးသည်။
တပ်မတော်(လေ)မှ ဗိုလ်မှူးကြီးရာထူးဖြင့် အငြိမ်းစားယူခဲ့သူ ဦးမင်းသူအား နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးအဖြစ် အမည်စာရင်းတင်သွင်းကာ ခန့်အပ်ခဲ့ခြင်း ဖြစ်သည်။
၎င်းလက်ထက်တွင် စစ်တပ်ထိန်းချုပ်သည့် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား အရပ်သားအစိုးရ လက်အောက်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး လက်အောက်သို့ ပြောင်းရွှေ့ စီမံနိုင်ခဲ့သော်လည်း ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအား စစ်ကောင်စီက ပြည်ထဲရေးဝန်ကြီးဌာနသို့ ပြန်လည် ရွှေ့ပြောင်းခဲ့သည်။
You may also like this story:
စစ်ဘက် အရာရှိဟောင်း ဦးမင်းသူ အစိုးရအဖွဲ့ရုံး ဝန်ကြီး ဖြစ်လာရန်ရှိ