အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်ဖမ်းဆီးမှုကြောင့် အင်းစိန်ထောင်အတွင်း ချုပ်နှောင်ခံနေရသည့် နိုင်ငံရေးအကျဉ်းသားအချို့မှ အစိုးရနှင့် ထောင်မှကျွေးသည့် အစားအစာ မစားခြင်းဖြင့် ဆန္ဒပြနေသည်မှာ သုံးရက်ရှိပြီဖြစ်ကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူတဦးက ပြောသည်။
ယင်းသို့ဆန္ဒပြနေသူများမှာ အင်းစိန်ထောင်၊ သပြေဆောင်မှဖြစ်ပြီး လတ်တလောတွင် နိုင်ငံရေးအကျဉ်းသား ၁၄၉ ဦးပါဝင်နေကြောင်း လည်း သိရသည်။
အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက “လုံးဝကြီး အစာငတ်ခံဆန္ဒပြတဲ့ ပုံစံတော့မဟုတ်ဘူးလို့သိရတယ်၊ သူတို့က ထောင်ကကျွေးတဲ့ အစားအစာကို လုံးဝမစားပဲ ဆန္ဒပြ နေတာပါ၊ ဒီလှုပ်ရှားမှုကို အာဏာသိမ်းတနှစ်ပြည့်တဲ့ ၁ ရက်နေ့ကတည်းက စလုပ်နေကြတာ” ဟု ဧရာဝတီသို့ ပြောသည်။
လှုပ်ရှားမှုနှင့် ပတ်သက်ပြီး ပါဝင်သူများက နောက်ထပ် နှစ်ရက် ဆက်လက်လုပ်ဆောင်မည်ဖြစ်ကြောင်းလည်း သိရသည်။
လတ်တလောတွင် ထောင်တွင်းဆန္ဒပြလှုပ်ရှားမှုနှင့် ပတ်သက်ပြီး မည်သည့်တောင်းဆိုချက်များရှိသည်ကို မသိရသေးဘဲ အကျဉ်းထောင် အာဏာပိုင်းများကလည်း တစုံတရာ ညှိနှိုင်းဆောင်ရွက်မှုမျိုး မတွေ့ရသေးကြောင်းလည်း သိရသည်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုအား လက်မခံကြောင်းဆန္ဒပြခဲ့ကြသည့် ကျောင်းသားလူငယ်၊ ပြည်သူများအား စစ်ကောင်စီက အကြမ်းဖက်ပစ်ခတ်မှုများကြောင့် ယနေ့အထိ သေဆုံးသူ ၁၅၀၀ ကျော်ရှိနေပြီဖြစ်ပြီး ထောင်နှင့်ချီသည့်ပြည်သူများမှာလည်း အကျဉ်းထောင်များအတွင်း ချုပ်နှောင်ခံထားရကာ အချို့မှာ ပြစ်ဒဏ်များချမှတ်ခံထားရသည်။