သတင်းတို

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိဖြင့် အမှုထပ်မံဖွင့်

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း လှူဒါန်းငွေအဖြစ် အကြောင်း ပြပြီး လုပ်ငန်းရှင်တဦးထံမှ အမေရိကန်ဒေါ်လာ ၅ သိန်းခွဲ ရယူခဲ့သည်ဟူသော စွပ်စွဲချက်ဖြင့် အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၅၅ ဖြင့် ယမန်နေ့က အမှုဖွင့်လိုက်ကြောင်း အာဏာသိမ်း စစ်ကောင်စီက ကြေညာသည်။

အဆိုပါ ငွေများအား စီးပွားရေးလုပ်ငန်းများနှင့် စပ်လျဉ်းပြီး အဆင်ပြေစေရန် ၂၀၁၉ နှင့် ၂၀၂၀ ခုနှစ်အတွင်း ၄ ကြိမ်ခွဲကာ လက်ခံရယူခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သည့်အတွက် ဇဗ္ဗူသီရိမြို့နယ်၊ အမှတ် ၅ ရဲစခန်းတွင် အမှုဖွင့်ထား ကြောင်း ကြေညာချက်တွင် ပါရှိသည်။

သို့သော် အမှုနှင့် ပတ်သက်၍ ယနေ့ထုတ် စစ်ကောင်စီ၏ သတင်းစာတွင် ထည့်သွင်းထားသော်လည်း လုပ်ငန်းရှင်၏ အမည်ကိုမူ ဖော်ပြထားခြင်း မရှိပေ။ သို့သော် ပြီးခဲ့သည့် ၂၀၂၁ မေလကလည် စေပိုင်ဆောက်လုပ်ရေးလုပ်ငန်းပိုင်ရှင် ဦးမောင်ဝိတ်က ဒေါ်အောင်ဆန်းစုကြည်ကို အမေ ရိကန်ဒေါ်လာ ၅ သိန်းခွဲအား ၄ ကြိမ်ခွဲကာ ပေးအပ်ခဲ့ကြောင်း သတင်းထုတ်ပြန်ကာ ဦးမောင်ဝိတ်ကိုယ်တိုင် ထွက်ဆိုသည့် ဗီဒီယိုဖိုင် တခုကို အာဏာသိမ်း စစ်ကောင်စီက သတင်းစာရှင်းလင်းပွဲတွင် ပြသခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းကတည်းက ဖမ်းဆီးချုပ်နှောင်ခံထားရ ပြီး ပုဒ်မပေါင်းများစွာဖြင့် စွပ်စွဲခံရကာ တရားစွဲဆိုခံရလျက်ရှိရာ အဂတိမှုစွပ်စွဲချက်ဖြင့်ပင် စုစုပေါင်း ၁၁ မှု ရှိလာပြီ ဖြစ် သည်။

လက်ရှိတွင် အစောပိုင်းတရားစွဲဆိုမှု ၅ မှုဖြင့် ထောင်ဒဏ် ၈ နှစ် ချမှတ်ခံထားရပြီး အာဏာသိမ်း စစ်ခေါင်းဆောင်က ပြစ်ဒဏ် ၂ နှစ်အား လျှော့ပေါ့ပေးကြောင်း ကြေညာထားသည်။

လက်ရှိ နေပြည်တော် သီသန့်အထူးတရားရုံးတွင် အမှုများရင်ဆိုင်နေရသည့် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ယမန့်နေ့က ကျန်းမာရေး အခြေအနေအရ အနားယူရန် လိုအပ်သည့်အတွက် ရုံးချိန်းတက်ရောက်နိုင်ခဲ့ခြင်း မရှိဘဲ ခွင့်တိုင်ခဲ့ရပြီး ရုံးချိန်းအား ရွှေ့ဆိုင်းခဲ့ရသည်။

You may also like these stories:

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်း၍ ရုံးချိန်းမတက်နိုင်

Loading