သတင်းတို

လှိုင်သာယာ လောင်းကစားရုံမှ ဖမ်းမိသူများကို ငွေကြေးခဝါချမှုဖြင့် အရေးယူရန် လုပ်ဆောင်နေ

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အတွင်း တရားမဝင် ကာစီနို လောင်းကစားရုံ ဖွင့်လှစ်မှုဖြင့် ဖမ်းထားသော တရုတ် နိုင်ငံသားများ အပါအဝင် ၁၆၀ဦးအား ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေဖြင့်ပါ အရေးယူရန် ပြည်ထဲရေး ဝန်ကြီးဌာနက သက်ဆိုင်ရာ တာဝန်ရှိသူများကို ညွှန်ကြားထားကြောင်း ဧရာဝတီက စုံစမ်းသိရသည်။

လှိုင်သာယာ(အရှေ့ပိုင်း) ညောင်ကျေးရွာ ပန်းလှိုင်ဂေါက်ကွင်းလမ်းရှိ မြန်မာတော်ဝင် ကျောက်စိမ်းစင်တာ ကုမ္ပဏီ၌ လောင်းကစားဝိုင်း ဖွင့်နေသဖြင့် ဖမ်းဆီးရာ ကုမ္ပဏီပိုင်ရှင်များ ဖြစ်သည့် လားရှိုးမြို့မှ ၁၂ရပ်ကွက်မှ ဦးသိန်းအောင်၊ ဦးအောင်နိုင်ဦးတို့ နှင့် ဝန်ထမ်း ကျား/မ ၉၆ဦး၊ လောင်းကစားပြုလုပ်နေသည့် အမျိုးသား/သမီး ၆၂ ဦး စုစုပေါင်း ၁၄၀ ကို လောင်းကြေးငွေ ကျပ်သိန်း ၂၄၉၀၊ လောင်းကစား ဆက်စပ်ပစ္စည်းများနှင့်အတူ ဇန်နဝါရီ ၂၅ရက်က ဖမ်းဆီးခဲ့ကြောင်း၊ ၎င်းတို့ကို လောင်းကစားဥပဒေ ပုဒ်မ ၁၈(က)/ ၁၉(က)တို့ဖြင့် အမှုဖွင့်ထားကြောင်း စစ်ကောင်စီ၏ သတင်းများက ဆိုသည်။

သို့သော် ယခုအခါ ဖမ်းဆီးမိသူများကို မှုခင်းဆိုင်ရာ စုံစမ်းစစ်ဆေးခြင်းအပြင် ငွေကြေးဆိုင်ရာ စုံစမ်း စစ်ဆေးခြင်း များကိုပါ တပြိုင်တည်း ဆောင်ရွက်သွားရန်နှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ ဆက်လက် အရေးယူနိုင် ရေး ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဗဟိုသို့ အမှုတွဲ လွှဲပြောင်းသွားရန် အကြောင်းကြားထားကြောင်း ရဲတပ်ဖွဲ့ သို့ ညွှန်ကြားချက်စာအရ ဧရာဝတီက သိရသည်။

၂၀၂၁ ခု ဇန်နဝါရီ ၂၅ရက်က လှိုင်သာယာမြို့နယ် မြန်မာတော်ဝင် ကျောက်စိမ်းစင်တာ ကုမ္ပဏီ လောင်းကစား ဝိုင်းမှ ဖမ်းမိသူများ(MOI)

“လောင်းကစားမှုကို ငွေကြေး ခဝါချမှုနဲ့ပါ ထပ်စွဲတဲ့ သဘောကတော့ နိုင်ငံတကာကို ပြချင်တာ ဖြစ်မယ်။ သူတို့ လက် ထက်မှာ ဒီလို အရေးယူတာတွေ ရှိတယ်ဆိုတာမျိုး ပြချင်တဲ့သဘောလို့ ယူဆလို့ ရတယ်” ဟု CDM ရဲအရာရှိတဦးက သုံးသပ် ပြောဆိုသည်။

ထိုဖမ်းဆီးရမိသူ ၁၆၀ ဦးထဲတွင် တရုတ်နိုင်ငံသား ၅၀ ကျော် ပါဝင်ပြီး မြန်မာနိုင်ငံသား ဝန်ထမ်း ၉၀ ကျော်လည်း ပါဝင်ကြောင်း သိရသည်။

You may also like these stories:

စစ်အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးမှောင်ခိုမှု တိုးလာ

ဖမ်းဆီးထားသည့် တရုတ်ကျောက်ကုန်သည်များကို စစ်ကောင်စီ ပြန်လွှတ်

Loading