အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို အဂတိမှု ၇ မှုဖြင့် အလုပ် နှင့်ထောင်ဒဏ် နှစ် ၂၀ ကျခံစေရန် ပဲခူးတိုင်းတရားလွှတ်တော်က ဖေဖော်ဝါရီ ၁၇ ရက်တွင် အမိန့်ချမှတ်ခဲ့သည်။
ဦးဝင်းသိန်း အနေဖြင့် ဝန်ကြီးချုပ်တာဝန် ထမ်းဆောင်စဉ် နိုင်ငံတော်သို့ လှူဒါန်းငွေများ၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လှူဒါန်းငွေများအား ၎င်း၏သဘောဖြင့် သုံးစွဲခြင်းနှင့် လုပ်ငန်းရှင်အချို့ထံမှ တံစိုးလက်ဆောင်များ ရယူခဲ့သည်ဟု စွပ်စွဲကာ အာဏာသိမ်း စစ်ကောင်စီက အဂတိမှုများဖြင့် တရားစွဲဆိုခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် ပဲခူးတိုင်း တည်ဆောက်ရေးလုပ်ငန်းများ ကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (BRCCA) အား ၎င်းတဦးတည်းသဘောဖြင့် ဖွဲ့ စည်းကာ လုပ်ကိုင်ဆောင်ရွက်ခဲ့ခြင်းနှင့် ၂၀၁၇-၁၈ မှ ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ်အတွင်း ပိုလျှံရန်ပုံငွေများအား လမ်းမီး ထွန်းညှိရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တင်ဒါစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်း မရှိဘဲ ကုမ္ပဏီတခုတည်းသို့ ချထားပေးခဲ့သည့်အတွက် တင်ဒါပိုလျှံငွေများ ဆုံးရှုံးနစ်နာစေခဲ့ကြောင်းလည်း စစ်ကောင်စီက စွပ်စွဲထားသည်။
ဦးဝင်းသိန်းသည် စစ်တပ် အာဏာသိမ်းသည့် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်ကတည်းက ဖမ်းဆီးချုပ်နှောင်ခံရပြီးနောက် ဇွန် ၁၅ ရက်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် အမှုဖွင့် တရားစွဲဆိုခြင်းခံခဲ့ရခြင်း ဖြစ်သည်။
You may also like these stories:
ရုရှား စစ်လေယာဉ်မှူးများ ပါသော ကိုယ်စားလှယ်အဖွဲ့ မြန်မာသို့ ရောက်နေ
မြန်မာစစ်အရာရှိများကို လေ့ကျင့်ပေးသောကြောင့် ဂျပန် ဝေဖန်ခံနေရ
ချင်းလက်နက်ကိုင်များ၊ မဏိပူသူပုန်များနှင့် အိန္ဒိယ-မြန်မာ စစ်ဘက်ဆက်ဆံရေး