နိုင်ငံတော် အကြည်ညို ပျက်စေမှု ၅၀၅ (က) ဖြင့် ထောင်ဒဏ်၂ နှစ် ချမှတ်ခံထားရသည့် ကမာရွတ်မီဒီယာ ပူးတွဲ တည်ထောင်သူ ဦးဟံသာညိန်းအား ယနေ့ (မတ်လ ၂၈ ရက်) တွင် အီလက်ထရောနစ် ဥပဒေ ပုဒ်မ ၃၃ (ခ) ဖြင့် ထပ်မံ တရားစွဲဆိုလိုက်ကြောင်း ၎င်း၏ ရှေ့နေထံမှ သိရသည်။
ဦးဟံသာညိန်း၏ ရှေ့နေက “ဆက်သွယ်ရေး ပုဒ်မ ၃၃ (ခ) လို့ ပြောပါတယ်။ သူ့ကို စတင် ဖမ်းပြီးကတည်းက ဒီပုဒ်မနဲ့ စွဲဖို့ ရမန်ယူထားတာ မကျလို့ ၅၀၅ (က) နဲ့ တရားစွဲလိုက်တာပါ။ ပြန်မလွှတ်ပေးချင်တဲ့အတွက်။ အဲဒီလိုနဲ့ တရားစွဲဆို ဖမ်းထားပြီးတော့ မတ်လ ၂၁ ရက်မှာ ကိုဟံသာညိန်းကို အမိန့်ချလိုက်ပါတယ်။ ပြီးတော့ ၃၃ (ခ) က ကျလာတဲ့ အတွက် အမှုအသစ် ထပ်တင်ပါတယ် ဆိုပြီး ဒီနေ့မှာ သိရပါတယ်” ဟု ပြောသည်။
အဆိုပါ အီလက်ထရောနစ် ဥပဒေ ၃၃ (ခ) ဖြင့် ယနေ့ ရုံးချိန်းတွင် တရားရုံးသို့ အမှုစွဲတင်မည်ဟု သိရပြီး စစ်ကောင်စီ မှ ပြီးခဲ့သည့်၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလအတွင်းက ပြုပြင်ပြောင်းလဲထားသည့် ဥပဒေအရ ထောင်ဒဏ် ၅ နှစ်မှ ၇ နှစ် အထိ ချမှတ်ခံရမည် ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့်၂၀၂၁ ခုနှစ် မတ်လ ၉ ရက်တွင် ရန်ကုန်မြို့ရှိ ကမာရွတ်မီဒီယာ ရုံးခန်းကို စစ်ကောင်စီတပ်ဖွဲ့ ဝင်ရောက် စီးနင်းပြီးနောက် အယ်ဒီတာချုပ်ဖြစ်သည့် ဦးနေသန်မောင်နှင့် တွဲဖက် တည်ထောင်သူ ဦးဟံသာညိန်းတို့ကို ဖမ်း ဆီးခဲ့ခြင်း ဖြစ်သည်။
၎င်းတို့ကို အင်းစိန်ထောင်တွင် ချုပ်ထားခဲ့ပြီး ဇွန်လ ၁၄ ရက်တွင် အမေရိကန် နိုင်ငံသားဖြစ်သူ ကိုနေသန်မောင်ကို ပြန်လွှတ်ပေးကာ အမေရိကန်နိုင်ငံသို့ ပြန်ခွင့်ပြုခဲ့သည်။
ဦးဟံသာညိန်းကိုမူ ဆက်လက် ချုပ်နှောင်ထားပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နှင့် တရားစွဲကာ ဖမ်းဆီးထားသည့် ကာလ ၁ နှစ်ကျော်အကြာ ပြီးခဲ့သည့် မတ်လ ၂၁ ရက်တွင် အင်းစိန်ထောင်တွင်း တရားရုံးမှ အလုပ် ကြမ်းနှင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဦးဟံသာညိန်းအား ထပ်တိုး ပုဒ်မများဖြင့် ထပ်မံ တရားစွဲဆိုခြင်းအပေါ် အယ်ဒီတာချုပ် ဦးနေသန်မောင်က “ကိုဟံသာညိန်း စစ်ကြောရေးမှာ စစ်ဆေး နှိပ်စက်ခံရသည့် အကြောင်းအရာများအား မီဒီယာများမှတဆင့် ထုတ်ဖော် ပြောကြားခဲ့ခြင်းကြောင့် အကျဉ်းထောင်ထဲမှာ ကျန်ရှိနေသည့် ကိုဟံသာညိန်းကို ယခုကဲ့သို့ အမှုများ ထပ်တိုးနေခြင်း ဖြစ်ကြောင်း” ၎င်း၏ လူမှုကွန်ရက် Facebook စာမျက်နှာကတဆင့် မှတ်ချက် ပြုထားသည်။
You may also like these stories:
ထောင်တွင်းအကြမ်းဖက်မှုများ စစ်ဆေးပေးရန် ICRC ကို တောင်းဆို
မန္တလေးတွင် ပိုက်စိပ်တိုက်ပိတ်ဆို့စစ်ဆေးမှု လူငယ် ၁၇ ဦးထက်မနည်း ဖမ်းခံရ