ချင်းပြည်နယ်၊ မတူပီမြို့ပေါ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် လုံခြုံရေးယူပေးနေသော စစ်ကောင်စီတပ်သား ၂ ဦး လက်နက်နှင့် အတူ ထွက်ပြေးမှုနှင့် ပတ်သက်ပြီး မြို့ခံ ၅ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးထားကြောင်း မြို့ခံများထံမှ စုံစမ်းသိရှိရသည်။
မတူပီမြို့၊ စန်ဘောင်ရပ်ကွက်မှ ကျောင်းဆရာ တဦးအပါအဝင် အခြား အမျိုးသားတဦးနှင့် အမျိုးသမီး ၃ ဦးတို့ကို ဖမ်းဆီးထားခြင်းဖြစ်ပြီး ၎င်းတို့သည် ဘဏ်လုံခြုံရေး စစ်သား ၂ ဦး ထွက်ပြေးနိုင်ရန် ကူညီခဲ့သည် ဆိုသည့် စွပ်စွဲချက်နှင့် ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။
မြို့ခံ တဦး က “တပ်သား ၂ ယောက် လက်နက်အပြည့်အစုံနဲ့ထွက်ပြေးသွားတာ။ အဲဒီထွက်ပြေး သွားတဲ့ တပ်သား ၂ ယောက်နဲ့ အချိတ်အဆက်ရှိတယ်ဆိုပြီး ဖမ်းတာ” ဟု ဧရာဝတီသို့ ပြောသည်။
ထွက်ပြေးသွားသည့် တပ်သား ၂ ဦးမှာ မတူပီမြို့တွင် အထိုင်ချ ထားသည့် စစ်ဗျူဟာစခန်းမှ ဖြစ်ကြောင်း သိရသည်။ မတူပီတွင် ပခုက္ကူအခြေစိုက် တပ်မ ၁၀၁ လက်က်အောက်ခံ စစ်ဗျူဟာ တခုနှင့် အမှတ် ၁၀၄ တပ်ရင်း၊ အမှတ် ၃၀၄ တပ်ရင်းတို့ အခြေစိုက်ထားကြောင်း သိရ သည်။
ဖမ်းဆီးခံထားရသူများကို မည်သည့်နေရာတွင် ချုပ်နှောင်ထားသည်ကို မသိရသေးသော်လည်း စစ်ကောင်စီတပ်ကတော့ ထွက်ပြေးသွားသည့် တပ်သား ၂ ဦးထံပါသွားသည့် လက်နက်များကို ပြန်ပေးလျှင် မြို့ခံ ၅ ဦးကို ပြန်လွှတ်ပေးမည်ဟု သတင်းဖြန့်ထားသည်ဟု မြို့ခံများက ပြောသည်။
မတူပီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင် တဦးကတော့ ဖမ်းဆီးခံထားရသည့် မြို့ခံ ၅ ဦးကို လက်နက်နှင့် လဲလှယ်မည်ဆိုသည့် ကိစ္စနှင့် ပတ်သက်၍ ၎င်းတို့ အဖွဲ့အစည်းအတွင်း ဆွေးနွေးမှုများ ပြုလုပ်နေလျှက်ရှိကြောင်း ဧရာဝတီကို ပြောသည်။