အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် မကွေးတိုင်းဝန်ကြီးချုပ်ဖြစ်သူ ဒေါက်တာအောင်မိုးညိုကို မကွေးထောင်တွင်း အထူးတရားရုံးက သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ ဖြင့် ထောင် ၃ နှစ် ကျခံစေရန် မေ ၂၅ ရက်တွင် အမိန့် ထပ်မံချမှတ်လိုက်သည်။
အဆိုပါ အမှုသည် NLD အစိုးရလက်ထက် ကိုဗစ်-၁၉ ရောဂါကာလအတွင်း ပွင့်ဖြူမြို့နယ်သို့ သွားရောက်ခဲ့သည့် ခရီးစဉ် နှင့် ပတ်သက်ပြီး တရားစွဲဆို ထောင်ချခံရခြင်း ဖြစ်သည်။
၎င်း၏ ရှေ့နေဖြစ်သူက “အမှုရဲ့ အမြင့်ဆုံးပြစ်ဒဏ် ချလိုက်တာပါ။ ဝန်ကြီးချုပ်ကတော့ ဒါတွေလုပ်မယ်ဆိုတာ မျှော်လင့်ပြီး သားပါ။ လုပ်ချင်တာ လုပ်ကြမှာပါပဲ ဆိုတဲ့သဘောပဲ ပြောသွားပါတယ်” ဟု ပြောသည်။
ဒေါက်တာအောင်မိုးညို အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက် ဖမ်းဆီးချုပ်နှောင်ခံရပြီး စုစုပေါင်း အမှု ၉ မှုဖြင့် စွပ်စွဲ တရားစွဲဆိုခံနေရခြင်း ဖြစ်သည်။
ယင်းသို့ တရားစွဲဆိုမှုများအနက် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-ခ အမှုတွင် ထောင် ၂ နှစ်၊ အဂတိလိုက်စားမှု တိုက်ဖျက် ရေးဥပဒေဖြင့် အမှု ၆ မှုအတွက် ထောင် ၁၈ နှစ် (၁ မှုလျှင် ထောင်ဒဏ် ၃ နှစ်နှုန်း)၊ ရွေးကောက်ပွဲတွင် မလျော်ဩဇာသုံး သည်ဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၇၁-စ ဖြင့် ထောင် ၁ နှစ် ချမှတ်ထားသည်။
ထို့ကြောင့် အာဏာသိမ်း စစ်ကောင်စီက ဒေါက်တာအောင်မိုးညိုအား စုစုပေါင်း ထောင်ဒဏ် ချမှတ်ထားသည်မှာ ၂၄ နှစ် ရှိပြီ ဖြစ်သည်။
လက်ရှိတွင် ဒေါက်တာအောင်မိုးညိုအား မကွေးဗဟိုအကျဉ်းထောင်တွင် ချုပ်နှောင်ထားပြီး ကျန်းမာရေး ကောင်းမွန် ကြောင်း ၎င်း၏ရှေ့နေဖြစ်သူက ပြောသည်။
ဒေါက်တာအောင်မိုးညိုသည် NLD ပါတီတွင် အထွေထွေအတွင်းရေးမှူး ၃ တာဝန်ယူခဲ့သူဖြစ်ပြီး ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် ဆက်တိုက် အနိုင်ရခဲ့သူဖြစ်ပြီး ၂၀၁၆ ခုနှစ်မှ စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ အထိ မကွေးတိုင်းဝန်ကြီးချုပ်တာဝန် ယူခဲ့သူ ဖြစ်သည်။