စစ်ကိုင်းတိုင်း ကလေးမြို့နယ်၊ နတ်ချောင်းနှင့် နတ်မြောင်းကျေးရွာအတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ကာကွယ် ရေး ပူးပေါင်း တပ်ဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ ၅ နှစ်အရွယ် ကလေး ၁ ဦး အပါအဝင် စစ်ရှောင်ပြည်သူ ၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
ကလေးမြို့နယ်တောင်ပိုင်းသို့ စစ်ကြောင်း ထိုးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မေလ ၃၁ ရက်က နတ်ချောင်း ကျေးရွာအနီးတွင် ကလေး PDF တပ်၏ မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အဆိုပါ ကျေးရွာများကို မီးရှို့ရန် လာ ရောက်စဉ် ဒေသခံ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း Kalay PDF တပ်ဖွဲ့ ဝင်များက ပြောသည်။
အဆိုပါ တိုက်ပွဲမှာ နာရီဝက်ခန့်ကြာမြင့်ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်သည့် လက်နက်ကြီးမှာ နတ် မြောင်း ဘုန်းတော်ကြီးကျောင်းအတွင်း ကျရောက် ပေါက်ကွဲခဲ့သဖြင့် အဆောက်အအုံတချို့နှင့် စစ်ရှောင်တချို့ ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ကိုအိစိုးက ပြောသည်။
၎င်းက “နတ်ချောင်းနဲ့ နတ်မြောင်းရွာက တဆက်တည်းဗျ။ မနေ့က နတ်ချောင်းရွာနားမှာ စစ်ကောင်စီတပ် မိုင်းဆွဲခံရတော့ ရွာကို မီးရှို့ ဖျက်ဆီးဖို့ ဝင်လာတဲ့အချိန်မှာ ကျနော်တို့ ပူးပေါင်းတပ်ဖွဲ့နဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်တယ်။ စစ်ကောင်စီဘက်က ပစ်တဲ့ လက်နက်ကြီးက နတ်မြောင်းဘုန်းကြီးကျောင်းထဲကို ကျရောက် ပေါက်ကွဲပြီးတော့ ဘုန်းကြီးကျောင်းထဲ စစ်ရှောင် နေတဲ့ ကလေး ၁ ဦးအပါအဝင် ၄ ယောက် လက်နက်ကြီးအစတွေ ထိမှန်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
ဒဏ်ရာရရှိသည့် စစ်ရှောင် ၄ ဦးအနက်၂ ဦးမှာ ဒဏ်ရာပြင်းထန်သည့်အတွက် လက်ရှိအချိန်တွင် ဆေးကုသမှုခံ ယူနေ ရကြောင်းလည်း သိရသည်။
ယမန်နေ့တွင် နတ်ချောင်း အထက်တန်းကျောင်းနှင့် အောင်ဆုပန်ဘုန်းကြီးကျောင်းအတွင်း စစ်ကောင်စီတပ်က တပ်စွဲ နေထိုင်ခဲ့ပြီးနောက် ယင်းနေ့ ညနေ ၆ နာရီဝန်းကျင်တွင် နတ်ချောင်းကျေးရွာရှိ နေအိမ်များကို မီးရှို့ခဲ့ကြောင်းလည်း သိရသည်။
ကလေးမြို့ တောင်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား မေလ၂၈ ၊၂၉ ၊ ၃၀ ရက်နေ့တို့က တိုက်ပွဲများဖြစ်ပွားခဲ့ရာ စစ်ကောင်စီ တပ်သားများ မိုင်းဆွဲခံရသည့်အတွက် အနီးဝန်းကျင်ရှိ ဇော်လ်ပီးရွာ၊ သုံးအိမ်စုရွာများကို မီးရှို့ခဲ့ပြီး၊ သုံးအိမ်စုရွာမှ စိတ်မနှံ့သည့် အမျိုးသားတဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ကလေး PDF အဖွဲ့မှ မေလ ၃၁ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။
ယနေ့တွင် နတ်ချောင်းကျေးရွာအတွင်း တပ်စွဲနေထိုင်သည့် စစ်ကောင်စီတပ်သားများနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တို့ကြား ပစ်ခတ်မှုများရှိနေသော်လည်း အသေးစိတ်ကို မသိရှိရသေးကြောင်းနှင့် စစ်ကောင်စီတပ်သားများ ထပ်မံ စစ်ကူ လာသည့်အတွက် တိုက်ပွဲများ ပြင်းထန်လာနိုင်ကြောင်းလည်း ကလေး မြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့မှ ကိုအိစိုးထံမှ သိရသည်။
You may also like these stories:
ကျောက်တော်ရှိ စစ်ရှောင်စခန်းများကို စစ်တပ်မှပစ်ခတ် ခြိမ်းခြောက်
ပလက်ဝမြို့နယ် သံထောင်ရွာအနီး စစ်တပ်နှင့် AA တို့ တိုက်ပွဲဖြစ်
စစ်ကိုင်းတွင် ပြည်တွင်းထုတ်ဗုံးများကို ဖျက်အားပြင်း ဗုံးပုံစံပြုလုပ်၍ စစ်ကောင်စီ တိုက်ခိုက်
မြောင်မြို့နယ်တွင် စစ်ကောင်စီတပ် လေယာဉ်ဖြင့်ပါ တိုက်ခိုက်လာ