နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးအကြံပေး ရှောင်တာနယ် အပါအဝင် ၅ ဦးအား အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားမှုအား ယနေ့ စွဲချက်တင် အမိန့် ချမှတ် လိုက်သည်။
ယင်းအမှုအတွက် ပြန်ခေါ်သက်သေ အနေဖြင့် တရားလိုဖြစ်သူနှင့် တရားလိုပြသက်သေ ၃ ဦးအား ခေါ်ယူထားပြီး ရှေ့လာ မည့် ကြာသပတေးနေ့ ရုံးချိန်းတွင် ပြန်ခေါ်သက်သေများအား စတင် စစ်ဆေးမည် ဖြစ်သည်။
စစ်တပ် အာဏာသိမ်းပြီးနောက် စီးပွားရေးအကြံပေးဖြစ်သူ ဩစတေးလျနိုင်ငံသား ပါမောက္ခရှောင်တာနယ်အား စစ်ကောင်စီက ရန်ကုန်မြို့တွင် ဖမ်းဆီးခဲ့ပြီး ၎င်း၏ ကွန်ပျူတာအတွင်းမှ တွေ့ရှိသည့် စာရွက်စာတမ်းများအား လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်သည်ဟုစွပ်စွဲကာ အမှုဖွင့်တရားစွဲဆိုခဲ့သည်။
ယင်းအမှုတွဲအား နေပြည်တော်သို့ လွှဲပြောင်းခဲ့ပြီးနောက် နေပြည်တော်ရှိ အထူးသီးသန့်တရားရုံးတွင် စစ်ဆေးနေခြင်း ဖြစ်သည်။
အဆိုပါအမှုတွင် ပါမောက္ခရှောင်တာနယ်နှင့်အတူ ဒေါ်အောင်ဆန်းစုကြည်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း၊ ဒုဝန်ကြီး ဦးဆက်အောင်၊ စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း ဦးကျော်ဝင်းတို့လည်း ပါဝင်လျက် ရှိသည်။
ယခု စွဲချက်တင် အမိန့်ချလိုက်သည့် နိုင်ငံတော်အစိုးရလျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃-၁(ဂ) သည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၄ နှစ်ထိ ချမှတ်ခံရနိုင်သည့်ပုဒ်မ ဖြစ်သည်။
ပါမောက္ခရှောင်တာနယ်အား စစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားမှုနှင့် ပတ်သက်ပြီး မိသားစုဝင်များနှင့် အာဆီယံဥက္ကဋ္ဌ ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ်တို့က တောင်းဆိုခဲ့ကြသော်လည်း စစ်ကောင်စီက ပြန်လွှတ်ပေးခြင်း မရှိပေ။
You may also like these stories :
ဒေါ်အောင်ဆန်းစုကြည်အား တရားမဲ့ဖမ်းထားမှု ကုလသမဂ္ဂတွင် တိုင်ကြား
ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှု ၄ မှုဖြင့် စွဲချက်တင်