မြန်မာ-ထိုင်းနယ်စပ်ရှိ ဥကရစ်ထ စစ်တပ်ခြေကုပ်စခန်းတိုက်ပွဲတွင် မြန်မာအာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ် ၁ စီး ထိုင်းလေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်ခဲ့မှုကြောင့် မြန်မာစစ်တပ်၏ လေတပ်အကြီးအကဲက ထိုင်းအစိုးရ တာဝန်ရှိသူများထံ တောင်းပန်ခဲ့ကြောင်း Bangkok Post သတင်းက ဆိုသည်။
လေယာဉ် ကျူးကျော်ပျံသန်းမှုနှင့် ပတ်သက်ပြီး ထိုင်းအစိုးရတာဝန်ရှိသူများက စစ်ကောင်စီထံ ကန့်ကွက်ပြောကြားခဲ့ပြီး နောက် စစ်ကောင်စီလေတပ်အကြီးအကဲက တောင်းပန်စကား ဆိုသည့်အပြင် ယခုကဲ့သို့ ဖြစ်ရပ်မျိုး ထပ်မံ မဖြစ်ပွားစေ ရန်လည်း ပြောဆိုခဲ့ကြောင်း ဖော်ပြထားသည်။
ယမန်နေ့က ဥကရစ်ထ တိုက်ပွဲအတွင်း စစ်ကောင်စီလေတပ်၏ MiG-29 အမျိုးအစား တိုက်လေယာဉ်မှာ ထိုင်းလေပိုင်နက် အတွင်းသို့ ၄ ကီလိုမီတာခန့်ထိ ကျူးကျော်ဝင်ရောက်ခဲ့မှုကြောင့် ထိုင်းလေတပ်ဘက်ကလည်း F-16 အမျိုးအစား တိုက် လေယာဉ် ၂ စီး ပျံတက်ပြီး နယ်စပ်ခရိုင်အတွင်း တန်ပြန်လေကြောင်းကင်းလှည့်ခဲ့သည်။
ထိုသို့ မြန်မာစစ်တပ်၏ တိုက်လေယာဉ် ကျူးကျော်ပျံသန်းမှု ဖြစ်ခဲ့သလို ထိုင်းနိုင်ငံဘက်သို့ ကျည်ကျရောက် ပေါက်ကွဲမှု ကြောင့်လည်း မော်တော်ယာဉ် ၁ စီး ထိမှန်ခဲ့ပြီး လူ ၁ ဦး ထိခိုက်ခဲ့သလို စာသင်ကျောင်းများလည်း ပိတ်ခဲ့ရသည်။
အဆိုပါ ဖြစ်စဉ်ကြောင့် မြန်မာ-ထိုင်းနယ်စပ်အနီး နေထိုင်သည့် ထိုင်းနိုင်ငံသားများ ထိတ်လန့်ခဲ့ရသည်အပြင် ဒေါသထွက်ခဲ့ ကြပြီး ဖြစ်စဉ်နှင့် ပတ်သက်သည့် သတင်းများကိုလည်း ထိုင်းသတင်းဌာနများတွင် အလေးပေး ဖော်ပြခဲ့ကြသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာစစ်တပ်ဘက်က ကျူးလွန်ကြောင်းဝန်ခံပြီး တောင်းပန်ထားကြောင်း၊ ဒုက္ခရောက်စေရန် ရည် ရွယ်လုပ်ဆောင်ခြင်း မဟုတ်သည့်အတွက် နှစ်နိုင်ငံကြား ပြဿနာကြီးကြီးမား မရှိဘဲ အဆင်ပြေပါကြောင်း စသည်ဖြင့် ထိုင်းဝန်ကြီးချုပ်၏ ပြောဆိုချက်များအပေါ် ထိုင်းပြည်သူများက စိတ်ပျက်ကြောင်း ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာများ တွင် ရေးသားပြောဆိုနေကြသည်။
ယင်းဖြစ်စဉ်မှာ ထိုင်းတော်ဝင် တပ်မတော်မှ ဒုဗိုလ်ချုပ်ကြီး အပီချတ် ဆူဆက်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇွန် ၂၉ ရက်က နေပြည်တော်တွင် တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးအပြီး ဇွန် ၃၀ ရက်တွင် ဖြစ်ပွားခဲ့ ခြင်းလည်း ဖြစ်သည်။
စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ဦးဆောင်သည့် မဟာမိတ်တပ်များကြား ဖြစ်ပွားနေ သည့် ဥကရစ်ထစခန်းတိုက်ပွဲသည် ယနေ့ဆိုလျှင် ၆ ရက်မြောက်နေ့ ရှိပြီဖြစ်ပြီး တိုက်ပွဲမှာ ပြင်းထန်နေဆဲ ဖြစ်ကာ ထောင် နှင့်ချီသည့် မြန်မာစစ်ဘေးရှောင်များမှာလည်း ထိုင်းနိုင်ငံဘက်ခြမ်း နယ်စပ်တလျှောက်တွင် ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း သိရသည်။
You may also like these stories:
စစ်ခေါင်းဆောင်နှင့် ဆွေးနွေးအပြီး မြန်မာတိုက်လေယာဉ်များ ထိုင်းလေပိုင်နက်သို့ ဝင်ရောက်မှုဖြစ်ပွား
ဥကရစ်ထစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီလေကြောင်းမှ ဗုံးကြဲ
ဥကရစ်ထတိုက်ပွဲ ၄ ရက်မြောက်နေ့ထိ ပြင်းထန်နေ