သတင်းတို

ဗြိတိန်သံအမတ်ဟောင်းနှင့် ခင်ပွန်းကို လဝကဥပဒေဖြင့် အမှုဖွင့်

စစ်ကောင်စီက လူဝင်မှုကြီးကြပ်ရေးဥပဒေ ချိုးဖောက်မှုဖြင့် ဖမ်းဆီးခဲ့သည့် ပန်းချီဆရာထိန်လင်းနှင့် ၎င်း၏ ဇနီးဖြစ်သူ ဗြိတိန်သံအမတ်ဟောင်း မစ္စဗစ်ကီဘိုးမန်း (Vicky Bowman) တို့ကို ထောင် ၅ နှစ်ထိ ချမှတ်နိုင်သည့်ပုဒ်မဖြင့် အရေးယူ ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဗြိတိန်သံအမတ်ဟောင်းဖြစ်သူ Vicky Bowman ၏ နေထိုင်ခွင့်ဗီဇာသက်တမ်းမှာ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၂ ရက်နေ့အထိ ဖြစ်သော်လည်း ဗီဇာတွင်ပါရှိသည့် နေရပ်လိပ်စာတွင် နေထိုင်ခြင်းမရှိဘဲ ခင်ပွန်းဖြစ် သူ၏ ရှမ်းပြည်နယ်၊ ကလောမြို့နယ်ရှိ နေအိမ်တွင် တနှစ်ကျော်နေထိုင်ခဲ့ရာတွင် နေရပ်လိပ်စာပြောင်းလဲကြောင်း လျှောက်ထားရန် ပျက်ကွက်သည်ဟုဆိုကာ ဖမ်းဆီးထားခြင်းဖြစ်သည်။

ယင်းအတွက် ၁၉၄၇ ခုနှစ် မြန်မာနိုင်ငံလူဝင်မှုကြီးကြပ်ရေး (လတ်တလောပြဋ္ဌာန်းချက်များ) အက်ဥပဒေပုဒ်မ ၁၃(၁) အား ဖောက်ဖျက်သည်ဟုဆိုကာ မစ္စဗစ်ကီဘိုးမန်းအား အရေးယူထားပြီး ခင်ပွန်းဖြစ်သူ ပန်းချီထိန်လင်းကိုလည်း အားပေးကူညီ ခဲ့သည်ဆိုကာ အဆိုပါ အက်ဥပဒေပုဒ်မ ၁၃(၅) ဖြင့် အရေးယူထားကြောင်းလည်း စစ်ကောင်စီက ဆိုထားသည်။

အဆိုပါ အက်ဥပဒေပုဒ်မ ၁၃(၁) တွင် ဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်ဝင်ဗီဇာပါ စည်းကမ်းချက်များအား ဖောက်ဖျက်ကာ မြန်မာနိုင်ငံအတွင်းနေထိုင်သူ၊ နေထိုင်ရန်အားထုတ်သူ အနေဖြင့် အနည်းဆုံး ထောင်ဒဏ် ၆ လမှ အများဆုံး ထောင်ဒဏ် ၅ နှစ်ထိဖြစ်စေ၊ အနည်းဆုံးငွေဒဏ် ကျပ် ၁၅၀၀ ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ စီရင်ခြင်းခံရမည်ဟု ပြဋ္ဌာန်းထားသည်။

အက်ဥပဒေပုဒ်မ ၁၃(၅) ဖြင့် စွပ်စွဲတရားစွဲခံထားရသည့် ပန်းချီဆရာထိန်လင်းမှာလည်း ဇနီးဖြစ်သူကို စွပ်စွဲထားသည့် ပုဒ်မအား ချမှတ်နိုင်သည့်ပြစ်ဒဏ်နှင့် အတူတူပင် ဖြစ်သည်။

ပန်းချီဆရာထိန်လင်းမှာ နိုင်ငံရေးအကျဉ်းသားဟောင်းတဦး ဖြစ်သကဲ့သို့ ဇနီးဖြစ်သူမှာ ၂၀၀၂ မှ ၂၀၀၆ ခုနှစ်ထိ မြန်မာ နိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

မစ္စဗစ်ကီဘိုးမန်းသည် မြန်မာနိုင်ငံတွင် အခြေချနေထိုင်နေစဉ်အတွင်း ၂၀၁၄ ခုနှစ်၌ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှု ရှိရေးအထောက်အကူပြုဌာန (Myanmar Centre for Responsible Business – MCRB) ကို ဦးဆောင်တည်ထောင်ပြီး ဦးစီးလုပ်ဆောင်နေသူ တဦးလည်း ဖြစ်သည်။

ထိုသို့ စစ်ကောင်စီက ဗြိတိန်နိုင်ငံသူ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးဟောင်း ဖြစ်ခဲ့သည့် မစ္စဗစ်ကီဘိုးမန်းနှင့် ခင်ပွန်း ဖြစ်သူ ပန်းချီထိန်လင်းတို့အား ဖမ်းဆီးသည့် တချိန်တည်းမှာပင် မြန်မာစစ်တပ်၏ လက်နက်နှင့် ဝင်ငွေရမှု လမ်းကြောင်းကို ပိတ်ရန် ရည်ရွယ်ချက်ဖြင့် စစ်တပ်နှင့် ဆက်နွယ်သည့် Star Sapphire Group ၊ International Gateways Group နဲ့ Sky One Construction တို့ကို ဒဏ်ခတ်မှုစာရင်းထဲ ထည့်သွင်းခဲ့သည်။

ထိုပိတ်ဆို့ခံရသည့် ကုမ္ပဏီများမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံနှင့် သမီးဖြစ်သူ ခင်သီရိသက်မွန်တို့နှင့် ပတ်သက်ကြောင်း သိရသည်

Loading