ရန်ကုန်မြို့တွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး မြေပြင်သပိတ်များ၌ ပါဝင်လှုပ်ရှားနေသည့် LGBT Union Mandalay မှ ဥက္ကဋ္ဌ၊ လူငယ်များသမဂ္ဂဗဟို လူငယ်များ အပါအဝင် ၆ ဦး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီး ခြင်း ခံလိုက်ရပြီး မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်နေကြောင်း မြေပြင်သပိတ်အဖွဲ့ဝင်များထံမှ သိရသည်။
လူငယ်သမဂ္ဂအဖွဲ့ဝင်တဦးက “အဖမ်းခံရတယ်ဆိုတာ ဟုတ်ပါတယ်။ စုစုပေါင်း ၆ ယောက် အဖမ်းခံထားရပါတယ်။ ဘယ်လို ပုံစံနဲ့ အဖမ်းခံရတယ်ဆိုတာ အတိအကျ မသိရသေးပါဘူး။ သူတို့က နောက်ဆုံးအထိ သပိတ်တွေ ထွက်နေ တုန်းပဲ” ဟု ဧရာဝတီကို ပြောသည်။
အဖမ်းခံရသူများတွင် LGBT Union Mandalay ၏ ဥက္ကဋ္ဌ ဂျက်စတင်မင်းဟိန်း၊ လူငယ်သမဂ္ဂဗဟို ဥက္ကဋ္ဌ၊ ဒုက္ကဋ္ဌ (၁)၊ ဒုက္ကဋ္ဌ (၂) နှင့် တွဲဖက်အတွင်းရေးမှူး (လုံခြုံရေးအရ အမည်မဖော်လိုသေးဟုဆို) တို့ ပါဝင်ကြောင်း သိရသည်။
စက်တင်ဘာ ၂၅ ရက်တွင် ရန်ကုန်မြို့တနေရာ၌ ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဖဲကြိုးနက်ကမ်ပိန်းတွင် ၎င်းတို့ ပါဝင်ခဲ့ကြသေးပြီး စက်တင်ဘာ ၂၆ ရက်မှ စတင်ကာ အဆက်အသွယ် ပြတ်သွားခဲ့ခြင်း ဖြစ်ကြောင်း၊ ၎င်းတို့ အားလုံး သပိတ်လှုပ်ရှားမှုတခုအပြီး အပြန်တွင် ဖမ်းဆီးခံရခြင်း ယူဆကြောင်း မြေပြင်သပိတ်လှုပ်ရှားနေသူများက ဆိုသည်။
မြေပြင်သပိတ်များတွင် ပါဝင်နေသည့် LGBT လူငယ်တဦးက “သူတို့အတွက် စိတ်ပူပန်နေရပါတယ်။ အရင်တုန်းက လည်း စစ်ကြောရေးမှာ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေ၊ မုဒိမ်းကျင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ခဲ့တော့ သူတို့အတွက် စိုးရိမ် နေရပါတယ်” ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း နိုင်ငံရေးဆက်စပ်မှုဖြင့် ဖမ်းဆီးခံရသည့် အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခံရမှုများ ရှိသလို LGBT (လိင်စိတ်ခံယူကွဲပြားသူများ) နှင့် အမျိုး သားများပါမကျန် ကျူးလွန်ခံနေရသောကြောင့် ယခု ဖမ်းဆီးခံရသူများအတွက်လည်း မိသားစုဝင်များနှင့် သပိတ်အဖွဲ့ ဝင်များက စိုးရိမ်လျက် ရှိကြောင်းလည်း ၎င်းက ဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ အောက်တိုဘာလအတွင်းကလည်း မန္တလေးမြို့မှ LGBT အရေး တက်ကြွလှုပ်ရှားသူ စူးရှရှင်းသန့်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကားဖြင့်တိုက်၍ ဖမ်းဆီးသွားပြီးနောက် စစ်ကြောရေးတွင် လိင်ပိုင်းဆိုင်ရာစော်ကားမှုများ ပြုလုပ်ခဲ့ကြောင်းကို ကာယကံရှင်က ထုတ်ဖော်ပြောဆိုထားသည်။
LGBT အဖွဲ့တဖွဲ့က ရရှိထားသည့် စာရင်းများအရ စစ်ကြောရေးနှင့် အကျဉ်းထောင်များအတွင်း လိင်ပိုင်းဆိုင်ရာ နှိပ် စက်ခံရသော LGBT အရေအတွက် ၂၀ ဦးကျော်ထိ ရှိနေကြောင်း သိရသော်လည်း စစ်အာဏာသိမ်းပြီးချိန်မှ ယနေ့ အချိန်ထိ အရေအတွက် မည်မျှထိ ဖမ်းဆီးခံထားရသည်ကိုမူ မသိရပေ။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ၂၀၂၁ စစ်အာဏာသိမ်းချိန်မှ ၂၀၂၂ စက်တင်ဘာ ၂၇ ရက်ထိ စစ်ကောင်စီ၏ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ ၁၂,၅၁၉ ဦး ရှိပြီး ၎င်းတို့အနက် ၁,၄၉၁ ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရကြောင်း သိရသည်။