ထိုင်းနိုင်ငံဘက်မှတဆင့် မြန်မာနိုင်ငံ၊ မြဝတီမြို့နယ်သို့ ပြန်ပို့လိုက်သည့် ကျောင်းသူ၊ ကျောင်းသား ၁၄၀ ခန့်မှာ လုံခြုံရေး၊ စားဝတ်နေရေးနှင့် ပညာ ဆက်လက်သင်ကြားနိုင်ရေး အခက်အခဲများနှင့် ရင်ဆိုင်နေရကြောင်း ကာယကံရှင် ကျောင်းသားများက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကျောင်းသားများမှာ ကရင်အမျိုးသားပညာရေးဌာန (KECD) အောက်ရှိ တောနော် အထက်တန်းကျောင်းမှ ဖြစ်ပြီး ၎င်းတို့အား ထိုင်းနယ်ခြားစောင့်တပ်မှ စက်တင်ဘာ ၃၀ ရက်နေ့တွင် သေ့ဘောဘိုးရွာဘက်သို့ ပြန်ပို့ပြီးနောက် ယခုကဲ့သို့ အခက်အခဲများ ရင်ဆိုင်နေကြရခြင်းဖြစ်ကြောင်း သိရသည်။
ယခုတကြိမ်ပြန်ပို့မှုသည် ၃ ကြိမ်မြောက်ဖြစ်ပြီး မြန်မာဘက်ခြမ်းတွင် တိုက်ပွဲများဆက်တိုက်ဖြစ်နေသဖြင့် ဒေသခံများနှင့် ကျောင်းသူ၊ ကျောင်းသားများမှာ ထိုင်းဘက်ခြမ်းသို့ ယာယီလာရောက်ခိုလှုံကြရာမှ ပြန်ပို့ခံရခြင်းဖြစ်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) သိမ်းယူထားသည့် သေ့ဘောဘိုး စခန်းကို ပြန်လည် သိမ်းယူနိုင်ရေး အတွက် အာဏာသိမ်း စစ်တပ်က စစ်ဆင်ရေးလုပ်ဆောင်နေသဖြင့် ပြန်ပို့ခံရသည့် ကျောင်းသူ၊ ကျောင်းသားများ၊ ဆရာ၊ ဆရာမ ၁၄၀ ကျော်နှင့် ဒေသခံပြည်သူ ၁၄၀၀ ကျော်မှာ စိုးရိမ်ပူပန်မှုများနှင့် နေထိုင်နေကြရသည်။
၎င်းတို့အားလုံးသည် ထိုင်း-မြန်မာ နယ်စပ်တလျှောက် သောင်ရင်းမြစ်ဘေးတွင် အဆင်ပြေသလို ခိုလှုံနေကြရသည်။
KNU တပ်မဟာ ၆ နယ်မြေ အတွင်းရှိ ဖလူး-ဝေါလေ လမ်းပိုင်း၊ သေ့ဘောဘိုး-တောင်နီ ဒေသ အတွင်း စစ်ကောင်စီ စစ်ကြောင်းများ နှင့် KNLA ပူးပေါင်းတပ်များအကြား တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားနေသဖြင့် စစ်ကောင်စီတပ်နှင့် လက်နက်ကြီး အန္တရာယ်ကို စိုးရိမ်နေကြသလို သောင်ရင်းမြစ်ရေတက်မှုကြောင့်လည်း နေထိုင်ရေး အခက်အခဲများ ရင်ဆိုင်နေကြရသည်။
သေ့ဘောဘိုးကျေးရွာ တောနော် အထက်တန်းကျောင်းသားတဦးက “လက်နက်ကြီးတွေပစ်ချတော့ ချောင်းဘေးမှာ ကျနော်တို့ကနေရတယ်။ မိုးလည်းရွာတယ်။ ပြီးတော့ တချို့နေမကောင်းဘူးဆိုတော့ ထိုင်းဘက် လိုက်ပြီးတော့ သွားရတယ်။ အစားအသောက်နဲ့ နေရ ထိုင်ရတာ အကြပ်အတည်းတော့ရှိတယ်။ စာဆက်သင်ဖို့ အဆင်မပြေဘူး။ လေယာဉ် ထပ်လာမှာ ကြောက်နေရတယ်။ ဒီအတွေ့အကြုံတွေကတော့ သားဘ၀မှာ တခါမှမကြုံဖူးဘူး” ဟု ပြောသည်။
စစ်ကောင်စီတပ်စစ်ကြောင်းများသည် သေ့ဘောဘိုး ကျေးရွာ နှင့် တောင်နီ ကျေးရွာ အနီးဝန်းကျင်တွင် ပြီးခဲ့သည့် မေလ အတွင်းက KLNA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ထားသည့် သေ့ဘောဘိုး စစ်ကောင်စီ တပ်စခန်းအား ပြန်လည် သိမ်းပိုက်နိုင်ရန် ဝေါလေ-ဆုံဆည်းမြိုင် လမ်းပိုင်း၊ တောင်နီ ကျေးရွာဘက်မှလည်းကောင်း၊ ဖလူး-သုံးထပ်ကွေ့ မြွေ ၃ ကောင်ဘုရားကုန်း၊ ဖလူးဘုရားကုန်း ဘက်မှ လည်းကောင်း၊ လက်နက်ကြီး ပစ်ကူ များ နေ့စဉ် ပစ်ခတ်၍ မြေပြင် စစ်ကြောင်းထိုး တိုက်ခိုက်လျှက်ရှိသည်။
ယင်းကဲ့သို့ စစ်ကောင်စီ စစ်ကြောင်းများနှင့် KNLA ပူးပေါင်းတပ်များ နေ့စဉ်နီးပါးတိုက်ပွဲများ ဖြစ်ပွား နေသည့်အတွက် ကျောက်ခက် ကျေးရွာ စစ်ရှောင်အစုအဖွဲ့၊ ပလော့တပို့ စစ်ရှောင်စခန်းအစုအဖွဲ့၊ သေ့ဘောဘိုး ကျေးရွာ အစုအဖွဲ့၊လော်ခေါ် စစ်ရှောင်စခန်း အစုအဖွဲ့ တို့မှ စစ်ဘေးရှောင် နေရာများတွင် စုစုပေါင်း လူဦးရေ ၁၅၀၀၀ ခန့် စစ်ဘေးရှောင်နေရဆဲ ဖြစ်ပြီး ကျောင်းနေအရွယ် ကလေး ၃၀၀၀ ထောင်ခန့် မှာ ပညာသင်ကြားရေး အစီအစဉ်များ ရပ်နားထားရကြောင်း စစ်ဘေးရှောင် စခန်းများကို အကူအညီပေးနေသူများထံမှ သိရသည်။