သတင်းတို

စစ်ကောင်စီ စွပ်စွဲချက်မှားယွင်းကြောင်း အထောက်အထားနှင့် သမ္မတ ချေပ

နိုင်ငံပိုင် ကယ်ဆယ်ရေးရဟတ်ယာဉ် ဝယ်ယူငှားရမ်းမှုနှင့် ပတ်သက်ပြီး အာဏာသိမ်းစစ်ကောင်စီက စွပ်စွဲတရားစွဲဆိုမှုများအနက် အမှုသုံးမှုအတွက် ယနေ့တွင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်အား နေပြည်တော်ထောင်တွင်း အထူးတရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

နိုင်ငံတော်သမ္မတအနေဖြင့် စစ်ကောင်စီစွပ်စွဲချက်များနှင့် ပတ်သက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ၊ သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေ၊ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း အထောက်အထားများနှင့် ချေပထွက်ဆိုခဲ့ကြောင်းလည်း ထောင်တွင်းတရားရုံးနှင့်နီးစပ်သူတဦးကပြောသည်။

၎င်းက “ဥပဒေနဲ့အညီပဲ စွပ်စွဲချက်တွေဟာ မမှန်ကန်ဘူးဆိုတာကို အထောက်အထားတွေနဲ့ ရှင်းလင်းသွားတယ်။ အပြစ်မရှိဘူးဆိုတာကို ငြင်းဆိုသွားတယ်” ဟု ပြောသည်။

အဆိုပါ ကယ်ဆယ်ရေးရဟတ်ယာဉ် ဝယ်ယူငှားရမ်းမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက နိုင်ငံတော်သမ္မတနှင့် နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အမှု ၅ မှုအထိ တရားစွဲဆိုထားသည်။

၎င်းတို့နှစ်ဦးအနေဖြင့် ရဟတ်ယာဉ်ဝယ်ယူငှားရမ်းရာတွင် လုပ်ပိုင်ခွင့် အခွင့်အာဏာအသုံးပြုကာ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ အား လိုက်နာမှုမရှိဘဲ ဆောင်ရွက်ခွင့်ပြုသဖြင့် နိုင်ငံတော်ငွေကြေးနစ်နာဆုံးရှုံးမှုများရှိခဲ့ကြောင်း စစ်ကောင်စီက စွပ်စွဲထားသည်။

ယနေ့ ရုံးချိန်းတွင် သမ္မတနှင့်အတူ ဒေါ်အောင်ဆန်းစုကြည်လည်း ရုံးချိန်းသို့ တက်ရောက်ခဲ့ပြီး နှစ်ဦးစလုံးကျန်းမာရေးကောင်းမွန်သည်ကို တွေ့ရကြောင်းလည်း ထောင်တွင်းတရားရုံးနှင့် နီးစပ်သူတဦးကပြောသည်။

လက်ရှိတွင် အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား စွပ်စွဲတရားစွဲခဲ့သည့် ပုဒ်မ ၁၄ ခုဖြင့် ထောင်ဒဏ် ၂၈ ချမှတ်ထားပြီး သမ္မတဦးဝင်းမြင့်ကိုလည်း စွပ်စွဲတရားစွဲဆိုခဲ့သည့် အမှု ၃ မှုအတွက် ထောင် ၇ နှစ်ချမှတ်ထားသည်။

သို့သော် ၎င်းတို့နှစ်ဦးအပေါ် ချမှတ်ထားသည့် ထောင်ဒဏ်များထဲက ၂ နှစ်စီလျော့ပေါ့ပေးကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင်က ကြေညာထားသည်။ ယင်းအတွက် ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ဒဏ် ၂၆ နှစ်ကျခံနေရပြီး သမ္မတဦးဝင်းမြင့်အနေဖြင့် ထောင် ၅ နှစ်ကျခံနေရသည်။

လက်ရှိတွင် အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်သည် စစ်ကောင်စီချမှတ်သည့် ထောင်ဒဏ်များအား နေပြည်တော် အချုပ်ထောင်အတွင်းရှိ အဆောက်အဦးတခုတွင် သီးခြားအကျဉ်းခံနေရပြီး အမှုများအား ရင်ဆိုင်နေရသည်။

သမ္မတဦးဝင်းမြင့်ကိုမူ စစ်ကောင်စီအနေဖြင့် ထောင်သွင်းအကျဉ်းချခြင်းမရှိသေးဘဲ လျှို့ဝှက်ထားသည့်နေရာတခုတွင် နေအိမ်အကျယ် ချုပ်သဘောဖြင့် ပြစ်ဒဏ်ချထားသည်။

အဆိုပါ ကယ်ဆယ်ရေးရဟတ်ယာဉ် ဝယ်ယူငှားရမ်းမှုနှင့်ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက် လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသေးသည်။

လက်ရှိတွင် ဒေါက်တာဝင်းမြတ်အေးသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တွင် လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိပြီး ရန်ကုန်မြို့ရှိ ၎င်း၏နေအိမ်အား စစ်ကောင်စီက ချိတ်ပိတ်ကာ အိမ်အတွင်းရှိပစ္စည်းများအား အဓမ္မသိမ်းပိုက်ရယူခြင်းခံထားရသည်။

Loading