ကရင်ပြည်နယ်၊ ဘားအံမြို့နယ် ၊ သံလွင်တံတား စစ်ဆေးရေးဂိတ်အနီးတွင် ယနေ့ နံနက် ၇ နာရီဝန်းကျင်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး လတ်တလော ရရှိထားသောသတင်းအရ အရပ်သားအမျိုးသား ၁ ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရရှိခဲ့ကြောင်း ကူညီကယ်ဆယ်ရေးဆောင်ရွက်မှုတွင် ပါဝင်ခဲ့သူတဦးက ဧရာဝတီသို့ အတည်ပြုပြောသည်။
ကားဗုံးဟု ယူဆရသော ထိုဗုံးပေါက်ကွဲမှုသည် သံလွင်တံတား စစ်ဆေးရေးဂိတ်အနီး ကားလမ်းမပေါ်တွင် ပေါက်ကွဲခဲ့ပြီး အနီးပတ်ဝန်းကျင်ရှိ အရပ်သားမော်တော်ယာဉ်တချို့ နှင့် စစ်ဆေးရေးဂိတ်အဆောက်အအုံများ ထိခိုက် ပျက်စီးသွားခဲ့ ကြောင်း ၎င်းက ဆိုသည်။
၎င်းက ဆက်လက်၍ ” သေဆုံးတာကတော့ ကျား ၁ ယောက်ပါ။ ဒဏ်ရာရတာတွေလည်း ရှိတယ်။ ပေါက်တာကတော့ လမ်းမပေါ်မှာပေါ့။ စစ်ဆေးရေးဂိတ်အနီးမှာရှိတော့ လမ်းရော၊ စစ်ဆေးရေးဂိတ်ရောပေါ့” ဟု ဆိုသည်။
ပေါက်ကွဲမှုဖြစ်ပွားသော အနီးဝန်းကျင်ရှိ သံလွင်တံတားစစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီတပ်သားများ၊ ရဲများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာ ဝန်ထမ်းများလည်း ရှိသည်။
ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းတွင်လည်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF ပူးပေါင်းတပ်ဖွဲ့များက မွန်ပြည်နယ်၊ သထုံမြို့ နှင့် ဘီးလင်းမြို့ကြားရှိ တံတားတစင်းကို ဖောက်ခွဲခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုများရှိခဲ့သည်။
ယခု ဗုံးဖောက်ခွဲမှုနှင့် ပတ်သက်ပြီး မည့်သည်အဖွဲ့အစည်းကမှ ထုတ်ပြန် ကြေညာခြင်းမျိုး မရှိသေးပေ။